ကဒါဖီ ဌာနချုပ် ခြံဝင်းနားမှာ တိုက်ပွဲတွေ ဖြစ်

  • 23 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဗိုလ်မှူးကြီး ကဒါဖီရဲ့ ဌာနချုပ်ဝင်းနားမှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့

ထရစ်ပိုလီမြို့တော်မှာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်ဖွဲ့တွေ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ နေရာတွေနားဆီ သူပုန်တပ်ဖွဲ့တွေ ရှေ့တိုး ဝင်ရောက်လာဖို့ ကြိုးစားနေရာမှာ နှစ်ဖက် အကြား တိုက်ပွဲတွေ ပြင်းထန်လာ နေပါတယ်။

Bab al-Azizya မှာ ရှိတဲ့ ဗိုလ်မှူးကြီး ကဒါဖီ ဌာနချုပ် စခန်းကို သူပုန်တွေက ထိုးစစ်ဆင်မှု ကြီး တစ်ခု လုပ်ခဲ့တယ်လို့ သတင်းတွေ အရ သိရပြီး နိုင်ငံခြားသား သတင်းထောက်တွေ ရှိနေရာ ဟိုတယ်နားမှာ ပြင်းထန်တဲ့ တိုက်ခိုက်သံတွေ ကြားခဲ့ရပါတယ်။

လစ်ဗျား ပဋိပက္ခဟာ ဆုံးခန်းတိုင်ခါနီးနေပြီ ဖြစ်ပြီး ဖြစ်စဉ်တွေဟာ အရှိန်အဟုန် မြန်မြန်နဲ့ ဖြစ်ပျက်နေတယ်လို့ နေတိုးအဖွဲ့က ပြောပါတယ်။

ကဒါဖီ အစိုးရလက်ကျန်တွေအနေနဲ့ ရှုံးနေပြီ ဖြစ်တဲ့ စစ်ပွဲကို ဝင်တိုက်နေတာသာ ဖြစ်တယ် လို့ နေတိုး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption သူပုန်တွေကို ထောင်ချောက်ဆင်ခဲ့တယ်လို့ ကဒါဖီရဲ့သား ဆေ့ဖ် အယ်လ် အစ္စလမ် ကပြော

အစောပိုင်းတုန်းက ဗိုလ်မှူးကြီး ကဒါဖီရဲ့ သား တစ်ဦးဖြစ်တဲ့ ဆေ့ဖ် အယ်လ် အစ္စလမ် က သူပုန်တွေကို အစိုးရတပ်တွေက ထောင်ချောက် ထဲ သွင်းပြီး ပြန်တိုက်နေပြီလို့ ပြောပါတယ်။

သူ့ကို ဖမ်းဆီးမိလိုက်ပြီ ဆိုတဲ့ သတင်းတွေ အစောပိုင်းက ပေါ်ထွက်ခဲ့အပြီးမှာ မနေ့ညက ထရစ်ပိုလီ မြို့တော်မှာ လူရှေ့ ထွက်ပြလာ ခဲ့တာပါ။

သူ့ဖခင် ဗိုလ်မှူးကြီး ကဒါဖီဟာ ထရစ်ပိုလီ မြို့တော်မှာပဲ ဘေးမသီ ရန်မခ ရှိနေတယ်လို့ ဆေ့ဖ် အယ်လ် အစ္စလမ် က အခိုင်အမာ ပြောသွားပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ နောက်သားတစ်ဦးဖြစ်တဲ့ မိုဟာမက် ဟာလည်း ထိန်းသိမ်းခံ ထားရာကနေ လွတ်မြောက်သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။