ကဒါဖီ အိမ်ဝင်းကို သူပုန်သိမ်း

  • 24 ဩဂုတ် 2011
Gaddafi ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကဒါဖီ အိမ်ဝင်းကို သူပုန်တွေ ဝင်ရောက် သိမ်းပိုက်

လစ်ဗျား နိုင်ငံ ထရီလိုလီ မြို့တော်မှာ မနေ့က သူပုန်တွေနဲ့ ကဒါဖီကို ထောက်ခံ သူတွေ တနေ့လုံး အပြင်းအထန် တိုက်ခိုက် ခဲ့ပြီးနောက် ကဒါဖီရဲ့ နေအိမ် ဝင်းကို သူပုန်တွေက သိမ်းပိုက် နိုင်ခဲ့ပါတယ်။

သူပုန်တွေက အိမ်ဝင်းထဲမှာ ရှိတဲ့ ကဒါဖီရဲ့ ရုပ်ထုက ခေါင်းကို ဖြုတ်ပြီး မြေကြီးပေါ်မှာ ဘောလုံး လုပ်ကန်ကြပါတယ်။

မြို့လယ်ခေါင်က ရင်ပြင်မှာလည်း လာရောက် စုဝေးသူ ရာချီရှိပြီး ကြွေးကြော်သံတွေ ဟစ်အော် အောင်ပွဲ ခံခဲ့ကြပါတယ်။

နိုင်ငံခြားက ဧည့်သည်တော်တွေကို လက်ခံ တွေ့ဆုံရာမှာ သုံးတဲ့ တဲလည်း မီးရှို့ ဖျက်ဆီး ခံခဲ့ရပါတယ်။

ဒါပေမယ့် ကဒါဖီကို သစ္စာ စောင့်သိသူတွေက ထရီပိုလီ မြို့ထဲကနေ ခုထိ ခံတိုက်နေပြီး ကဒါဖီ တပ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေထဲမှာ နိုင်ငံခြားက သတင်းထောက်တွေ တည်းနေတဲ့ ဟိုတယ် ရှိရာ ရပ်ကွက်လည်း ပါပါတယ်။

ကဒါဖီနဲ့ သူ့သားတွေကို မတွေ့မချင်း အပြည့်အဝ အောင်ပွဲခံကြမှာ မဟုတ်သေးဘူးလို့ ဘီဘီစီ သတင်းထောက်က သတင်း ပို့ပါတယ်။

ကဒါဖီ ရေဒီယို မိန့်ခွန်း

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အာဇာနည် အဖြစ် အသေခံမယ်လို့ ကဒါဖီပြော

ခုထိတော့ ကဒါဖီနဲ့ သာတွေ ဘယ်ရောက် နေသလဲ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ဒီအတော အတွင်းမှာ ကဒါဖီရဲ့ ရေဒီယို မိန့်ခွန်းကို နိုင်ငံတွင်းက အသံလွှင့်ရုံ တခုက ထုတ်လွှင့် သွားပါတယ်။

နေတိုးကို အနိုင် ယူနိုင်ရင် အနိုင်ယူ၊ မဟုတ်ရင် အာဇာနည် အဖြစ်နဲ့ အသေခံမယ်လို့ ကဒါဖီက မိန့်ခွန်းထဲမှာ ပြောပါတယ်။

လစ်ဗျား အစိုးရ လိုလားတဲ့ ရုပ်သံလိုင်း တခုက အစိုးရ ပြောခွင့်ရ တာဝန်ခံနဲ့ တိုက်ရိုက် တွေ့ဆုံခန်းလို့ ပြောတဲ့ ထုတ်လွှင့်ချက် တခုကိုလည်း ထုတ်လွှင့် သွားပါတယ်။

နိုင်ငံတကာ တုန့်ပြန်မှု

ဒီအတောအတွင်းမှာဘဲ ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေး ပေါ်လစီ အကြီးအကဲ ကက်သရင်း အက်ရှတန်က လစ်ဗျား နိုင်ငံရဲ့ အနာဂတ်မှာ ကုလသမဂ္ဂဟာ ဦးဆောင် ကဏ္ဍက နေသင့် တယ်လို့ ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အစောပိုင်းက သူတို့ ထိန်းချုပ်ထားတဲ့ ဒေါ်လာ တစ် ဒဿမငါး ဘီလီယံ တန်ဖိုးရှိတဲ့ လစ်ဗျား နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို အပြောင်း အရွှေ့ ပြန်လုပ် နိုင်အောင် လုပ်ပေးမယ်လို့ ပြောလာပါတယ်။

ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးက လစ်ဗျား ပိုက်ဆံတွေကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂကနေ ပြဌာန်း ဆုံးဖြတ်ချက်ချ လုပ်ဆောင်ဖို့ တောင်းဆိုနေပြီး တူရကီ နိုင်ငံခြားရေး ဝန်ကြီး ကလည်း ဒီကိစ္စကို အနောက်နိုင်ငံ ခေါင်းဆောင်တွေ ခုသီတင်းပတ် အစ္စတန်ဘူမှာ အစည်းအဝေးခေါ် ဆွေးနွေးမယ်လို့ ပြောပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်ဂကတော့ ထရီပိုလီက အခြေအနေဟာ အန္တရယ် ရှိနေဆဲပဲလို့ သတိပေးလိုက်ပြီး သတင်း တခုခုပေါ်မှာ ရာနှုန်းပြည့် ယုံပြီး ဆုံးဖြတ်ချက် ချတာမျိုးတွေ မလုပ်ဖို့ သတိပေးနေပါတယ်။