Saif al-Islam ကို ထရစ်ပိုလီ မြို့မှာ လုံခြုံ ကောင်းမွန်စွာ တွေ့ရ

  • 23 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ကဒါဖီရဲ့ အရိုက်အရာခံမယ့် သားလို့ ပြောနေကြတဲ့ Saif al-Islam

လစ်ဗျားမှာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ အရိုက်အရာကို ခံယူမယ့် သူ့သား Saif al-Islam ကို သူပုန်တွေက ဖမ်းမိထားတယ်လို့ ပြောခဲ့ပြီးတဲ့နောက် ထရစ်ပိုလီမြို့မှာ လုံခြုံ ကောင်းမွန်စွာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ဆိုပါတယ်။

စစ်တပ်ပိုင် ကားတစင်းပေါ် ယုံကြည်ချက် အပြည့်နဲ့ ဘီဘီစီ သတင်းထောက်ကို ပြောကြားရာမှာ အစိုးရတပ်တွေက သူပုန်တွေကို ထောင်ချောက်ဆင်ပြီး သူတို့ရဲ့ အရေးပါတဲ့ အရာကို ရိုက်ချိုး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့ဖခင် ကဒါဖီလည်း ထရစ်ပိုလီ မြို့မှာ လုံခြုံစွာ ရှိကြောင်း ပြောသွားပါတယ်။

အိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ ပြောနေတဲ့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ သား မိုဟာမက် လည်း ပြန်လွတ်သွားပြီလို့ သတင်းတွေ ရရှိပါတယ်။

အခုအချိန်မှာ မြို့ကို ဘယ်သူ ထိန်းချုပ်ထားသလဲ ဆိုတာ ပြောရခက်တယ်လို့ သတင်းထောက်က ဆိုပါတယ်။

စနေနေ့ကတည်းက မြို့ကို သူပုန်တွေက သိမ်းပိုက်ခဲ့ပေမယ့် နေရာ အတော်များများမှာ အစိုးရ တပ်တွေရဲ့ ပြန်လည် ခုခံမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

လစ်ဗျားနိုင်ငံမှာ မြို့တော် ထရစ်ပိုလီမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာမှာ ဗိုလ်မှူးကြီး ကဒါဖီ ရာထူးက ပြုတ်ကျရေး အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ သူပုန်တပ်ဖွဲ့တွေ အရေးနိမ့် နေတယ်လို့ သိရပါတယ်။

အဲဒီတပ်ဖွဲ့တွေနဲ့ အတူလိုက်ပါသွားတဲ့ ဘီဘီစီ သတင်းထောက် ပြောကြားချက်အရ အခုတော့ သူပုန် တပ်တွေ မြို့ထဲက ဆုတ်ခွာသွားပြီလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အသွင်ကူးပြောင်းရေး ကောင်စီ အကြီးအကဲ Mustafa Abdel Jalil

အစောပိုင်းတုန်းကတော့ ဗိုလ်မှူးကြီး ကဒါဖီကို ဖမ်းမိမှသာ တကယ် အောင်ပွဲခံတဲ့ အချိန် ဖြစ်လာမှာလို့ သူပုန် အကြီးအကဲ အသွင် ကူးပြောင်းရေး ကောင်စီ ဥက္ကဌ Mustafa Abdel Jalil က ပြောပါတယ်။

လစ်ဗျား ပြည်သူတွေဟာ အထူးတလည် သူတို့အသက်ကို စတေးကာ တိုက်ပွဲဝင် ခဲ့ကြတဲ့ အတွက် သမ္မတ အိုဘားမားက ချီးကျုးစကား ပြောကြားလိုက်ပါတယ်။

လစ်ဗျား နိုင်ငံမှာ အာဏာလွှဲပြောင်းပြီး အဖွဲ့အစည်း အသီးသီး ပါဝင်နိုင်တဲ့ လူမှု အသိုင်းအဝိုင်းထဲမှာ ငြိမ်းချမ်းရေးကို ခံစားရထိုက်တယ်လို့ မစ္စတာ အိုဘားမား က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon

တချိန်တည်းမှာ ဗိုလ်မှူးကြီး ကဒါဖီ ၊ သူ့သား ဆေ့ဖယ် အစ်စလမ်နဲ့ ထောက်လှမ်းရေး အကြီးအကဲ တို့ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ ဖမ်းဝရမ်းထုတ်ရာမှာ နိုင်ငံတကာ ရာဇဝတ် တရားရုံးရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့ လိုတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း သတိပေးလိုက်ပါတယ်။

တချို့ သူပုန် ခေါင်းဆောင်တွေက သည်ဟိတ်မြို့က နိုင်ငံတကာ ရာဇဝတ် တရားရုံးကို လွှဲပေးမယ့် အစား လစ်ဗျားမှာဘဲ တရားစီရင်ဖို့ ပြောနေတာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံက မတည်ငြိမ်မှုတွေကြောင့် ဥရောပမှာ ရေနံစိမ်းစျေးတွေ ကျဆင်းသွား ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ရေနံချက် စက်ရုံတွေ ပျက်စီးခဲ့ပေမယ့် လစ်ဗျားဟာ ရေနံစိမ်း အများအပြားကို ဥရောပက ရေနံချက် စက်ရုံတွေဆီ မကြာခင် တင်ပို့တော့မယ်လို့ သုံးသပ် သူတွေက ယူဆနေကြပါတယ်။

စစ်မဖြစ်ခင်က လစ်ဗျားက ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ နှစ်ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်း နိုင်ခဲ့ ဖြစ်ပြီး ပြည်ပတင်ပို့မှု ရပ်သွားတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ရေနံစျေး တက်သွားကာ နှစ်နှစ်အတွင်း အမြင့်ဆုံးစျေးကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် ဥရောပက အစုရှယ်ယာ စျေး အတော်များများ တက်သွား ခဲ့ပါတယ်။

လစ်ဗျားမှာ အီတလီ ကုမ္ပဏီ တော်တော်များများက ရင်းနှီးမြုပ်နှံထားတာကြောင့် အီတလီ အစုရှယ်ယာစျေးတွေ တစ် ဒဿမ လေးရာခိုင်နှုန်းနီးပါး တက်သွားခဲ့ပါတယ်။

လန်ဒန်နဲ့ ပါရီမြို့က ရှယ်ယာစျေးတွေလည်း တက်သွားခဲ့ပါတယ်။