ဗိုလ်မှူးကြီး ကဒါဖီ သစ္စာခံတွေက ဆက်လက်ခုခံနေ

  • 24 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ကဒါဖီ ခြံဝန်း နေရာတဝိုက်မှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေ

လစ်ဗျားသူပုန်တွေက ဗိုလ်မှူကြီးကဒါဖီ ခြံဝန်းကို ဝင်ရောက် စီးနှင်းခဲ့ပြီး နောက် တနေ့မှာတော့ ကဒါဖီကို သစ္စာခံသူတွေဟာ ခုခံတိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ခြံဝန်း အထဲမှာ အခိုင်အမာ တပ်စွဲထားတဲ့ ကဒါဖီတပ်ဖွဲ့ဝင်တွေကို သူပုန်တွေက ကြိုးစား ရှင်းထုတ်နေတဲ့အတွက် ပြင်းထန်တဲ့ တိုက်ခိုက် မှုတွေ အဲဒီ နေရာ တဝိုက်မှာ ဖြစ်ပွားနေတယ်လို့ ဘီဘီစီသတင်းထောက်ကပြောပါတယ်။

နိုင်ငံခြားသတင်းထောက် အများအပြား ပိတ်မိနေတဲ့ ဟော်တယ် တဝိုက်မှာ သေနတ် သံတွေ ထွက်ပေါ် နေကာ ထရီပိုလီမြို့လယ်နဲ့ တောင်ပိုင်းနေရာ အတော်များများမှာလည်း တိုက်ပွဲ တွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေရရှိပါတယ်။

ဒါပေမယ်လို့ မြို့မှာ တရားဥပဒေ စိုးမိုးရေး ပျက်ပြားသွားမျိုးတော့ မရှိသေးဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကဒါဖီကို ဆက်လက်ရှာဖွေနေ

လစ်ဗျားသူပုန်တွေဟာ ဗိုလ်မှူးကြီးကဒါဖီကို ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ကဒါဖီအနေနဲ့ ဘယ်လို တိုက်ခိုက်မှုမျိုးမှာ ပြန်မလုပ်နိုင်ရေးအတွက် သူ့ကို ရှာတွေ့ရေးဟာ အင်မတန်မှ အရေးကြီးတယ်လို့ သူပုန်တွေက ပြောပါတယ်။ အခုအချိန် အထိ သူ့ကို မဖမ်းမိသေး ပေမယ့်လည်း သူ့ကို သချောပေါက် ဖမ်းမိမှာ ဖြစ်တယ်လို့ သူပုန်တွေက ဆိုပါတယ်။

ကဒါဖီနဲ့ သူ့မိသားစုဝင်တွေဟာ ဘယ်မှာ ပုန်းခိုနေကြတယ်ဆိုတာကိုတော့ သူပုန်တွေက သူတို့မသိသေးကြောင်း ဝန်ခံထားပါတယ်။

ဒီအတောအတွင်းမှာ သူ့ကိုထောက်ခံသူတွေက ထုတ်လွှင့်တဲ့ တီဗီဌာနကနေ ကဒါဖီရဲ့ ရေဒီယို မိန့်ခွန်းကို ထုတ်လွှင့်သွားပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီဟာ သူပုန်တွေကို ဆက်လက် အံတုနေပြီး၊ အာဇာနည် အဖြစ်နဲ့ အသေခံမယ်လို့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။