လစ်ဗျားမှာ တိုက်ပွဲတွေ ဆက်ဖြစ် နေဆဲ

  • 25 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption အောင်ပွဲ မခံနိုင်သေးဘဲ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဆဲ

လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့က ဗိုလ်မှူးကြီး ကဒါဖီရဲ့ အိမ်ခြံဝင်း ထဲမှာရော မြို့ထဲက နေရာတချို့အပြင် တိုင်းပြည်ရဲ့ တခြား ဒေသတွေမှာလဲ သူ့ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက အကြီးအကျယ် ကြံ့ကြံ့ခံ ပြန်တိုက်နေဆဲလို့ သိရပါတယ်။

သူပုန်တွေက ကဒါဖီရဲ့ ခြံဝင်းထဲကို ဝင်သိမ်းခဲ့ပြီး တရက်ကျော် အကြာမှာ အခြေအနေက ဆိုးဝါးနေတုန်းဘဲလို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

Rixos ဟိုတယ်ကနေ ကဒါဖီ တပ်သားတွေ ထိန်းသိမ်းထားရာက လွတ်လာတဲ့ သတင်းသမားတွေ နေထိုင်ရာ Corinthia ဟိုတယ်နားမှာ သေနတ်သံတွေ ကြားနေရတုန်း ဘဲလို့ ဆိုပါတယ်။

ထရစ်ပိုလီ လေဆိပ် တဝိုက်မှာလည်း မကြာခဏ ဆိုသလို တိုက်ခိုက်မှုတွေ ရှိနေတယ် လို့လည်း သတင်းတွေ ရရှိပါတယ်။

တခြား နေရာတွေမှာတော့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ မွေးမြေ Sirte မြို့ကို အရှေ့ဖက်ကနေ လာနေတဲ့ သူပုန် စစ်ကြောင်းဟာ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် တန့်နေတယ်လို့ ဆိုပါတယ်။

ကဒါဖီ ကို ထွက်ပေါက် ပေးဖို့ ကမ်းလှမ်း

ဗိုလ်မှူးကြီး ကဒါဖီ အနေနဲ့ လစ်ဗျား ခေါင်းဆောင် ရာထူးကို စွန့်လွှတ်ကြောင်း ကြေညာရင် တိုင်းပြည်ထဲက ထွက်ခွာခွင့်ပေးမယ်လို့ ပထမဆုံး အနေနဲ့ သူပုန်တွေက ကမ်းလှမ်းလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ကြိုကြားကြိုကြား တိုက်ခိုက်မှုတွေ ရှိဆဲ

ကဒါဖီကို ဖမ်းမိသူ ဒါမှမဟုတ် သတ်ပစ်နိုင်တဲ့သူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့လည်း ပြောပါတယ်။

သူပုန်တွေရဲ့ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ အကြီးအကဲ မာမွတ် ဂျာဘရေးလ်က ပါရီမြို့မှာ ပြင်သစ် သမ္မတ ဆာကိုဇီနဲ့ တွေ့ဆုံပြီးနောက် ပြောကြားရာမှာ အခုတထိ ကဒါဖီ ဘယ်ရောက်နေသလဲ ဆိုတာ အစအန ရှာမရ ဖြစ်နေကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာ ထရစ်ပိုလီမြို့ဟာ လုံခြုံစိတ်ချမှု မရှိသေးတာကြောင့် သူပုန်တွေရဲ့ ဌာနချုပ်ကို ဘန်ဂါဇီကနေ ထရစ်ပိုလီမြို့ကို ပြောင်းရွေ့မယ့် အစီအစဉ်ကို အစောဆုံး နောက်သီတင်းပတ် အထိ ရွေ့ဆိုင်းထားကြောင်း သိရပါတယ်။

လစ်ဗျား ကူညီရေး ညီလာခံ စတော့မယ်

လစ်ဗျား နိုင်ငံကို အကူအညီပေးရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ညီလာခံ တရပ်ကို လာမယ့် သီတင်းပတ်မှာ ပြင်သစ်နိုင်ငံမှာ လက်ခံ ကျင်းပပေးမယ်လို့ သမ္မတ Nicolas Sarkozy နီကိုလပ် ဆာကိုဇီက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ အညီ စစ်ရေး အထောက်အပံ့တွေကိုလည်း လစ်ဗျားက သူပုန်တွေ လိုအပ်နေသမျှ ကာလပတ်လုံး ဆက်ပေးသွားမယ်လို့ သူက ကတိပေး လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ အကြီးအကဲ မာမွတ် ဂျာဘရီးလ်

သူပုန်တွေရဲ့ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ NTC က ထိပ်တန်းခေါင်းဆောင် Mahmoud Jibril နဲ့ ဆွေးနွေးခဲ့ပြီးတဲ့နောက် မစ္စတာ ဆာကိုဇီက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အရေးပေါ် လိုအပ်နေတဲ့ အကူအညီ ဒေါ်လာ နှစ်ဘီလီယံခွဲ ရဖို့နဲ့ ထိန်းချုပ်ကန့်သတ်ခံ ထားရတဲ့ လစ်ဗျားပိုင်ငွေ ဒေါ်လာ ဘီလီယံ ပေါင်းများစွာကို ပြန်သုံးခွင့် ပေးဖို့ NTC က ကြိုးစားနေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုအောက်က လစ်ဗျားပိုင် ငွေတွေကို ပြန်သုံးခွင့်ပေးရအောင် ဆွေးနွေးကြဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အမေရိကန်က ပန်ကြားခဲ့ပါတယ်။

သတင်း သမားတွေ အဖမ်းခံရ

လစ်ဗျားမှာ အီတလီ သတင်းသမား လေးယောက် ပြန်ပေးဆွဲခံ ခဲ့ရတယ်လို့ အီတလီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီ လေးယောက်လုံးဟာ အီတလီက နာမယ်ကြီး သတင်းစာတွေ ဆီက ဖြစ်ပြီး ဇဝေရာမြို့ ကနေ ထရစ်ပိုလီမြို့ကို အသွား လမ်းပေါ်မှာ ကဒါဖီ သစ္စာခံ တပ်ဖွဲ့တွေက ဖမ်းသွားတာ ခံလိုက်ရတယ်လို့ သတင်းတွေရပါတယ်။

သတင်းသမားတွေရဲ့ ကားမောင်းသမား ကတော့ အခင်းဖြစ်တဲ့ နေရာမှာတင် သေဆုံးသွား တယ်လို့ ပြောပါတယ်။