သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးကောင်စီဖွဲ့ဖို့ပြင်

  • 25 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတရဲ့ ညွှန်ကြားချက်နဲ့ လူ့အခွင့်အရေး ကောင်စီ ဖွဲ့ဖို့ ပြင်နေ

မြန်မာနိုင်ငံမှာ ဝန်ထမ်း အဖွဲ့အစည်းက မဟုတ်တဲ့ လူအများ လေးစားတဲ့ ပုဂ္ဂိုလ်တွေနဲ့ သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးကောင်စီ ဖွဲ့တော့မယ်လို့ သမ္မတအကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

ဒီလိုဖွဲ့စည်းဖို့ ပြင်ဆင်နေတာဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား လာရောက်တာနဲ့ သက်ဆိုင်မှုမရှိဘဲ သမ္မတဦးသိန်းစိန်ရဲ့ အရင်ကတည်းက ညွှန်ကြားထားချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့အနေနဲ့ သီးခြားလုပ်ပိုင်ခွင့်တွေ ရှိမှာဖြစ်ပြီး လောလောဆယ် အိုင်အယ်အိုကို တိုင်ကြားနေတဲ့ မြေယာသိမ်းယူမှုတွေ၊ ကလေးစစ်သားစုဆောင်းမှုနဲ့ အဓ္ဓမ လုပ်အားပေး ခိုင်းစေမှုတွေလို ကိစ္စမျိုးတွေ အပါအဝင် ဒီထက်ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ဒေါက်တာနေဇင်လတ်က ပြောပါတယ်။

သမ္မတအကြံပေးပုဂ္ဂိုလ်တွေနဲ့ မစ္စတာ ကင်တားနား တွေ့ဆုံရာမှာ မစ္စတာကင်တားနားက သူလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်တွေ အပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တယ်လို့ ဒေါက်တာနေဇင်လတ်က ပြောပေမဲ့ အသေးစိတ်ကိုတော့ ဖေါ်ပြခဲ့ခြင်း မရှိပါဘူး။