လစ်ဗျား သူပုန်တွေ စခန်း မြို့တော် ရွှေ့

  • 26 ဩဂုတ် 2011
rebels
Image caption ထရီပိုလီမှာ အောင်ပွဲ ခံနေတဲ့ လစ်ဗျား သူပုန်များ

လစ်ဗျား သူပုန်တွေက သူတို့ အခြေခံ စခန်းကို ဘင်ဂါဇီကနေ ထရီပိုလီမြို့ တော်ကို စရွှေ့နေပြီလို့ ပြောလိုက် ပါတယ်။

ထရီပိုလီ မြို့တော်မှာ သူပုန်တွေ ပထမဆုံး လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူပုန်တွေရဲ့ အစိုးရထဲက ရေနံနဲ့ ဘဏ္ဍာရေး ဝန်ကြီးက စခန်းရွှေ့မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

အစောပိုင်းကတော့ ဗိုလ်မှုးကြီး ကဒါဖီရဲ့ အသံ သွင်းထားတဲ့ မိန့်ခွန်းကို အသံလွှင့်ရုံ တခုက ထုတ်လွှင့်သွားပြီး မိန့်ခွန်းထဲမှာ ကဒါဖီက သူပုန်တွေကို ဖျက်ဆီးပစ်ဖို့ လစ်ဗျား နိုင်ငံသားတွေကို ဆော်သြထားပါတယ်။

ထရီပိုလီက တချို့ နေရာတွေမှာ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ရန်သူကြွက်တွေကို ခုခံ တွန်းလှန်ပြီး လစ်ဗျား မြို့တော်ကို သူတို့ သိမ်းပိုက်ထားမှုကနေ လွတ်မြောက်အောင် လုပ်ရမယ်လို့ ကဒါဖီက မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

ကဒါဖီ ဇာတိမြို့ကို ဆက်ချီတက်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကဒါဖီ ဇာတိမြို့ကို တင့်ကားတွေနဲ့ ဆက်ချီတက်

လစ်ဗျား သူပုန်တွေဟာ ခုဆိုရင် ကဒါဖီရဲ့ ဇာတိမြို့ ဖြစ်တဲ့၊ ကဒါဖီကို ထောက်ခံသူတွေ ခြေကုပ် ကောင်းကောင်း ရှိနေသေးတဲ့ ဆာရက်တ မြို့ကို ဆက်လက် ချီတက် သွားနေပါတယ်။

လစ်ဗျား သူပုန်တွေနဲ့ လိုက်သွားတဲ့ ဘီဘီစီ သတင်းထောက်က မြို့ကို ချီတက် သွားတဲ့ တင့်ကားတွေ ပေါ်မှာ ဆယ်ကျော် သက်ရွယ် တွေကိုပါ တွေ့ရပြီး သူတို့ အထင်မှာ နောက်ဆုံး တိုက်ပွဲ အတွက် ပျော်နေပုံ ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ကဒါဖီ့ တပ်တွေက အပြင်းအထန် ကြံ့ကြံ့ခံနေတဲ့ အတွက် သူပုန်တွေရဲ့ တိုးတက်မှု နှေးကွေး နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကဒါဖီကို ထောက်ခံတဲ့ အသံလွှင့်ရုံက ဆာရက်တမြို့ကို နေတိုး လေယာဉ်တွေ ဗုံးလာကြဲ တယ်လို့ ကြေညာသွားပေမယ့် ဒီသတင်းကို တခြားကနေ အတည် ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

လစ်ဗျား ပိုက်ဆံတွေ ပြန်ရတော့မယ်

လစ်ဗျား နိုင်ငံပိုင်တဲ့ ဒေါ်လာန် သန်း တထောင့်ငါးရာကို အပြောင်းအရွှေ့ မလုပ်နိုင်အောင် ထိန်းချုပ် ထားရာကနေ လူမှုရေး လုပ်ငန်းတွေဘက်မှာ သုံးနိုင်အောင် ပြန်ဖွင့်ပေးဖို့ သဘောတူညီမှု တခု ရရှိခဲ့ပြီလို့ ကုလသမဂ္ဂက သံတမန်တွေက ပြောပါတယ်။

တောင်အာဖရိက နိုင်ငံက ဒီပိုက်ဆံ တချို့ သူပုန် ခေါင်းဆောင်တွေ လက်ထဲ ရောက်မှာ စိုးရိမ်တယ်လို့ အကြောင်းပြပြီး အစကတော့ ကာဆီး ကာဆီး လုပ်ခဲ့ပါတယ်။

အမေရိကန်က လုံခြုံရေး ကောင်စီမှာ ဒီကိစ္စကို အတင်း မဲခွဲဖို့ ပြင်ဆင်လာပြီးနောက် တောင်အာဖရိက နိုင်ငံက မဲမခွဲခင်လေးမှာ သူတို့ရဲ့ ကန့်ကွက်မှုကို ပြန်ရုပ်သိမ်းသွား ပါတယ်။

တဘက်မှာ အမေရိကန်က ဒီပိုက်ဆံတွေကို သူပုန် ခေါင်းဆောင်တွေနဲ့ ဆက်စပ်ထားမှုကို ဖယ်ရှားပေးဖို့ သဘောတူခဲ့ပါတယ်။