ကဒါဖီဇာတိမြို့ကို သူပုန်တွေ ဆက်တိုက်နေ

  • 26 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ကဒါဖီရဲ့ ဇာတိမြို့ ဆာ့တ်ကို တိုက်ခိုက်ဖို့ သူပုန်တွေ တပ်ဖြည့်နေ

လစ်ဗျားသူပုန်တပ်ဖွဲ့တွေဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ မွေးဇာတိ ဆာ့တ်မြို့ကို ဆက်လက် ချီတက်တိုက်ခိုက်နေကြပါတယ်။

ဒီမြို့ဟာ နောက်ဆုံးကျန်ရှိတဲ့ ကဒါဖီရဲ့ အမာခံ မြို့ဖြစ်ပြီး၊ သူပုန်တွေဟာ မမျှော်လင့်ထားတဲ့ ပြင်းထန်တဲ့ခုခံမှုတွေကို ဆက်လက် ရင်ဆိုင်နေ ရပါတယ်။

ဆာ့တ်မြို့ကို အရှေ့ဘက်ကနေ ချည်းကပ်လာတဲ့ သူပုန်တွေဟာ မြို့နဲ့ ပိုနီးတဲ့နေရာက တပ်ဖွဲ့တွေကို ပြန်ရုပ်ပြီး ကဒါဖီတပ်တွေရဲ့ ရောကက်လက်နက်တွေ လှမ်းပစ်လို့ မမီလောက်တဲ့ နေရာမှာ နေရာ ပြန်ချထားလိုက်ပါတယ်။

အဲဒီနောက် ရာဇလာနုဖ် ဆိပ်ကမ်းမြို့က ရှေ့တမ်း တပ်ဖွဲ့တွေနဲ့ ပူပေါင်းလိုက်ကြပါတယ်။ လာမယ့်ရက်တွေအတွင်း ဆာ့တ်မြို့ကို အဓိက စစ်ဆင်ဖို့အတွက် တပ်ဖွဲ့တွေကို အင်အား ဖြည့်ဆည်းနေတယ်လို့ သူပုန်တပ်မှူးတွေက ဘီဘီစီကိုပြောပါတယ်။

ဗြိတိန် နိုင်ငံက Tornado တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေကလည်း လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီရဲ့ ဇာတိမြေ ဆာ့တ်မြို့က သူ့ရဲ့ မြေအောက် bunker အမိန့်ပေး ဌာနချုပ် ကို ပစ်မှတ် အတိအကျ ပစ်နိုင်တဲ့ မစ်ဆိုင်း ဒုံးလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ပြောပါတယ်။

တော်နေဒိုး တိုက်လေယာဉ်ကြီးတွေဟာ Norfolk မှာ ရှိတဲ့ ဗြိတိသျှ လေတပ်မတော်ရဲ့စခန်း ကနေ ကြာသပတေးညက ထွက်ခွာသွားခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပစ်မှတ်အတိအကျ ပစ်နိုင်တဲ့ မစ်ဆိုင်း ဒုံး လက်နက် တွေနဲ့ ပစ်ခတ်ခဲ့

တိုက်ခိုက်မှု ပြုလုပ်ခဲ့ချိန်က ဗိုလ်မှူးကြီးကဒါဖီ ဟာ ဆာ့တ်မြို့မှာ ဒါမှမဟုတ် မြေအောက်က ဌာနချုပ်မှာ ရှိနေခဲ့တဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ပါဘူး။

နေတိုး စစ်လေယာဉ်တွေကတော့ ဆာ့တ် မြို့နား က လက်နက်တွေ တပ်ဆင်ထားတဲ့ ကား ၂၉ စီး ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အပြင် ထရီပိုလီ မြို့တော်နားက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် တွေ ထားရှိရာ နေရာကိုလည်း ဗုံးကြဲခဲ့တယ်လို့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ မဟာမိတ် တပ်များရဲ့ နေ့စဉ် ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီကနေ့ ထရီပိုလီမြို့တော်မှာတော့ အစိုးရ အစစ်အမှန်လည်း မရှိ၊ လက်နက်ကိုင် သေနတ် သမားတွေကလည်း ထောင်နဲ့ချီပြီး ရှိနေတဲ့အတွက် အတော်ကြီးကို တင်းမာနေတဲ့ အနေ အထား ရှိနေပေမယ့် မြို့ရဲ့နေရာ အများစုမှာ အေးအေးဆေးဆေး ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက် Rupert Wingfield Hayes က ပြောပါတယ်။

လမ်းမတွေ ပေါ်မှာ ကားအသွားအလာတွေ ပြန်တွေ့ရပြီး သေနတ်သံတွေလည်း မကြားရ တော့ဘူးလို့ သူကပြောပါတယ်။ ရက်အတန်ကြာ တွေ့ခဲ့ရတဲ့ မစ္စတာ ကဒါဖီရဲ့ ခြံဝင်းထဲက မီးခိုးတွေလည်း မရှိတော့ပါဘူး။

နိုင်ငံတောင်ပိုင်း ထရီပိုလီ လေဆိပ်မှာတော့ အဓိက တိုက်ခိုက်မှုတွေ ပြုလုပ်နေကြပါတယ်။ အုပ်ချုပ်ရေး အဖွဲ့သစ် ထရီပိုလီမှာ ရောက်နေပြီလို့ ပြောနေကြပေမဲ့ သူတို့ ခေါင်းဆောင်တွေ နေနေကြတဲ့ နိုင်ငံတကာ ဟိုတယ်ထက် ကျော်လွန်ပြီး မနေနိုင်ကြသေးပါဘူး။ မြို့ထဲမှာ ရဲတွေလည်းမရှိ ဘုံဘိုင်ရေလည်း မလာ ဖြစ်နေတဲ့ အပြင် ဗိုလ်မှူးကြီး ကဒါဖီကိုလည်း ဘယ်မှာမှ ရှာလို့မရ ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ထရီပိုလီ လမ်းတွေပေါ်မှာ အသွားအလာတွေ ပြန်တွေ့ နေရပါပြီ

လောလောဆယ် မှာတော့ သူပုန်တွေက Sirte မြို့ကိုသွားတဲ့ လမ်းမတွေဆီကို တင့်ကားတွေ၊ ရော့ကက်လောင်ချာတွေ ပို့လွှတ်ပြီး သူတို့ တပ်ဖွဲ့ အင်အားကို ဖြည့်တင်းနေပါတယ်။ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ Bin Jaward မြို့ ဝန်းကျင်မှာ အင်အားတွေ စုနေ တာပါ။

သူပုန်တွေနဲ့ အတူ လိုက်ပါသွားတဲ့ ဘီဘီစီ သတင်းထောက် ပေါလ်ဝုဒ် ကတော့ သူပုန်တွေ ဟာ မျှော်လင့်မထားတဲ့ ခုခံ တိုက်ခိုက်မှုတွေကို အပြင်းအထန် ရင်ဆိုင်နေရပေမယ့် စိတ်အားထက်သန် နေကြဆဲပဲလို့ ပြောပါတယ်။

သူပုန်တပ်မှူးတွေကတော့ ဆာ့တ် မြို့က လမ်းမတွေပေါ်မှာ တိုက်ခိုက်နိုင်ဖို့ နောက်ထပ် သုံးလေးရက်တော့ ကြာလိမ့်ဦးမယ်လို့ ယူဆကြောင်း ပြောပါတယ်။

သူပုန် ထိပ်တန်းခေါင်းဆောင် အတော်များများက သူတို့ရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ ဘန်ဂါဇီ မြို့မှာ ရှိနေဆဲ ဖြစ်ပေမဲ့ အုပ်ချုပ်ရေး အဖွဲ့ ဖြစ်တဲ့ အမျိုးသား အသွင် ကူးပြောင်းရေး ကောင်စီ NTC ကတော့ ထရီပိုလီ မြို့ကို စတင် ပြောင်းရွှေ့ဝင်ရောက် နေကြပါပြီ။

အထုတ်အသွင်း ပြုလုပ်လို့ မရအောင် ပိတ်ပင်ခံထားရတဲ့ လစ်ဗျားနိုင်ငံရဲ့ ရန်ပုံငွေတွေကို ထုတ်ပေးဖို့ သူပုန်ခေါင်းဆောင်တွေက နိုင်ငံတကာ အစိုးရတွေဆီ မေတ္တာ ရပ်ခံ ခဲ့ရာမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေအရ ပိတ်ပင်ထားတဲ့ လစ်ဗျားပိုင်ဆိုင်မှု ၁ ဒဿမ ၅ ဘီလျံ ဒေါ်လာကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်တွေ အတွက် ထုတ်ယူခွင့် ပြုဖို့ ကုလသမဂ္ဂက သဘောတူခဲ့ ပါတယ်။