ထရီပိုလီ ဆေးရုံက ထိတ်လန့်ဖွယ် မြင်ကွင်း

  • 27 ဩဂုတ် 2011
Tripoli ဓာတ်ပုံ မူပိုင် Getty
Image caption ဆေးရုံမှာ စွန့်ပစ် သွားတဲ့ အလောင်း ရာကျော် တွေ့ရှိ

ထရီပိုလီမြို့က ဆေးရုံ တရုံမှာ ပျက်စီး ယိုယွင်းစ ပြုနေတဲ့ အလောင်း နှစ်ရာ ကျော်ကို မနေ့က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

မြို့ဆင်ခြေဖုံး ရပ်ကွက် တခုက အဘူ ဆာလင် ဆေးရုံပေါ်က ကုတင်တွေ၊ စင်္ကြန်တွေမှာ ယောက်ျား၊ မိန်းမ၊ ခလေး တွေရဲ့ အလောင်း တွေကို ဘီဘီစီ သတင်းထောက် ကိုယ်တိုင် တွေ့ရှိ ခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ တချို့ဟာ အရပ်သားတွေ ပုံပေါက်ပြီး တချို့က လက်နက်ကိုင်တွေ ဖြစ်ပုံ ရပြီး၊ တချို့ကျတော့ အာဖရိကက ကြေးစား စစ်သားတွေ ဖြစ်ပုံ ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အေအက်ဖပီ သတင်း အေဂျင်စီရဲ့ သတင်းအရ ဆေးရုံကို စနေနေ့က ကဒါဖီ လိုလားတဲ့ လက်ဖြောင့် သေနတ်သမားတွေက စီးနင်း နေရာ ယူထားပြီး ကြာသပတေး နေ့ကမှ သူပုန်တွေက ပြန်သိမ်း နိုင်တာလို့ သိရပါတယ်။

ဆေးရုံ အနီး တဝိုက်မှာ ကဒါဖီ တပ်တွေနဲ့ သူပုန် တပ်ဖွဲ့တွေ အပြင်း အထန် တိုက်ပွဲ ဖြစ်ပွားရာကနေ ဆရာဝန်တွေ၊ သူနာပြုတွေ ဆေးရုံက ထွက်ပြေးရာမှာ လူနာတွေကို ပြုစုမယ့်သူ မကျန်ရစ်ဘဲ သေဆုံးကုန်တာ ဖြစ်နိုင်သလို တချို့ မြို့ခံတွေကတော့ ကဒါဖီ တပ်တွေက လက်ညှိုး ထိုးပါတယ်။

ဆေးရုံကို ပုံမှန် အတိုင်း ပြန်ဖွင့် နိုင်အောင် လောလောဆယ် အတတ် နိုင်ဆုံး ကြိုးစားနေ ပေမယ့် လူသေ အလောင်းတွေနဲ့ ပြည့်နေတဲ့ အတွက် ချက်ချင်း ပြန်ဖွင့် နိုင်မယ့်ပုံ မရှိသေးဘူးလို့ ပြောပါတယ်။

ဆေးရုံထဲက အလောင်း နှစ်ရာကျော် ကြားမှာ ကံကောင်း ထောက်မပြီး အသက်ရှင် ကျန်ရစ်သူ ဆယ့်ခုနှစ်ယောက်ကို တွေ့ရှိ ခဲ့ပါတယ်။

အဲဒိထဲမှာ ဆယ်နှစ် အရွယ် ခလေးငယ် တယောက်လည်း ပါဝင်ပြီး သူ့ဖခင်ရဲ့ ပြောပြချက် အရ ခလေးဟာ ကျောကို ကျည်ဆံမှန်ပြီး သူကိုယ်တိုင်လည်း ဆေးရုံဝင်းထဲမှာ တပတ် လောက် မလှုပ်သာ မရှားသာ လှဲနေရတယ်လို့ ပြောပါတယ်။

ဒီအတော အတွင်းမှာဘဲ တချို့ အပြောအရ ကဒါဖီ လိုလားသူတွေရဲ့ ညှင်းပန်း နှိပ်စက်မှုနဲ့ သေဆုံးခဲ့သူ ဆယ့်ခုနှစ်ယောက်ရဲ့ အလောင်းကို ဘီဘီစီ သတင်းထောက်တွေက တွေ့ရှိခဲ့ပြီး ခုဒီအလောင်းတွေက တဆင့် ကဒါဖီ တပ်တွေ၊ ဒါမှမဟုတ် သူပုန်တွေ စစ်ရာဇဝတ်မှုကြီးတွေ ကျူးလွန်မှု ရှိမရှိ ဖော်ထုတ်ဖို့ ကြိုးစား နေပါတယ်။

လစ်ဗျားက ဥပဒေမဲ့ သတ်ဖြတ်မှု သတင်းတွေကို ကုလသမဂ္ဂက လက်ရှိ လုပ်နေတဲ့ စုံစမ်း စစ်းဆေးမှုတွေနဲ့ အတူ ဆက်လက် စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး တချို့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောနေပါတယ်။