နိုက်ဂျီးရီးယားက ကုလသမဂ္ဂရုံး ဗုံးပေါက်ကွဲ

  • 26 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption လူပေါင်း ၁၈ ဦး ထက်မနည်း သေဆုံးသွားခဲ့ တယ်လို့ ဆေးဝန်ထမ်းတဦးကပြော

နိုက်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာက ကုလသမဂ္ဂအဆောက်အဦးမှာ ဗုံးပေါက်ကွဲ ခဲ့တဲ့အတွက် သေကျေထိခိုက်မှုတွေ အကြီး အကျယ် ဖြစ်ခဲ့ရပါတယ်။

လူပေါင်း ၁၈ ဦး ထက်မနည်း သေဆုံးသွားခဲ့ တယ်လို့ ဆေးဝန်ထမ်းတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတပုဒ်မှာ ဖေါ်ပြထားပါ တယ်။

ဒဏ်ရာရရှိသွားတဲ့ လူပေါင်း ၆၀ လောက်ကို အဘူဂျာ ဆေးရုံတခုကို သယ်ဆောင်လာ ကြောင်းနဲ့ အများစုဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။ အရေးပေါ် သွေးလှူကြဖို့ကိုလည်း ဆေးရုံက မေတ္တာရပ်ခံ ပြန်ကြားထားပါတယ်။

မျက်မြင်တွေ့ရှိခဲ့သူတွေ ပြောပြချက်အရတော့ - တိုက်ခိုက်ခဲ့သူဟာ ကားတစီးနဲ့ လုံခြုံရေး အကာအရံကို ဖေါက်ဝင်ခဲ့ပြီးနောက် အထပ် ၅ ထပ်ရှိတဲ့ ကုလသမဂ္ဂ အဆောက်ဦးကို ဝင်တိုက်လိုက်တာလို့ ဆိုပါတယ်။ အဲဒီမှာတင် ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

အဆောက်အဦးရဲ့ ပထမ ၂ ထပ်က နေရာတချို့ဟာ လုံးဝ ပျက်ဆီးသွားပြီး၊ အဆောက် အဦးတခုလုံးက မှန်တွေလည်း အကုန်ကွဲကုန်ပါတယ်။

အဆောက်အဦးထဲမှာ ပိတ်မိနေသူ တွေကိုတော့ ကယ်ဆယ်ရေးတွေက ကြိုးစားကယ်ထုတ် ပေးနေပါတယ်။