The Lady ဇတ်ကား အီတလီ ရုပ်ရှင်ပွဲတော်မှာ ဖွင့်လှစ်ပြသမယ်

  • 27 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒေါ်စု အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင် ပြတော့မယ်

လာမယ့် အောက်တိုဘာလ ၂ရ ရက်ကနေ နိုဝင်ဘာလ ၄ရက်နေ့ အထိ ကျင်းပမယ့် အီတလီ နိုင်ငံ ရောမမြို့က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Luc Besson ရိုက်ကူးတဲ့ နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇတ်ကားကို ဖွင့်လှစ်ပြသမယ်လို့ သိရပါတယ်။

ဒီဇတ်ကားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ မိသားစု အရေး ရုန်းကန် လှုပ်ရှား ရပုံတွေ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပြီး ဒီကားမှာ ဒေါ်အောင်ဆန်း စုကြည်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဟောလီဝုဒ် မင်းသမီး မီရှဲလ် ယိုးကို မြန်မာ အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇွန်လတုန်းက လေဆိပ်မှာ ဝင်ခွင့်မပေးဘဲ နေရပ်ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇတ်ကြောင်းနဲ့ သူမရဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်နေမှု အပေါ် သူ့အနေနဲ့ အလွန်အမင်း အားကျမိပြီး ဒီရုပ်ရှင်ကြောင့် သူမရဲ့ ကြိုးစား အားထုတ်မှုတွေကို လူတွေပိုသိလာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပြင်သစ် ဒါရိုက်တာ လုခ် ဘက်စ်ဆန်က ပြောပါတယ်။