ထရီပိုလီ အကျပ်အတည်း သူပုန်တွေ ဖြေရှင်းမယ်

  • 27 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မြို့အတော်များများမှာ အစားအစာ၊ မရှိ သလောက် ဖြစ်နေပြီလို့ သတင်းထောက်ပြော

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီမှာ ရေ၊ လောင်စာနဲ့ အခြေခံ အစားအစာတွေ ပြတ်လပ် နေမှုအပေါ် ဘယ်လိုဘယ်ပုံ ကိုယ်တွယ် ဖြေရှင်းမယ် ဆိုတဲ့ အစီအစဉ် တွေကို လစ်ဗျားသူပုန်တွေက ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

မစ္စရာတာဆိပ်ကမ်းကို အသုံးပြုပြီး ပင်လယ် လမ်းကြောင်း ကနေ လောင်စာ၊ ရေနဲ့ ဆေးဝါး အထောက်အပံ့တွေကို ဖြန့်ဝေပေးမယ်လို့ သူပုန်တွေက ပြောပါတယ်။

ဓာတ်ဆီ မက်ထရစ် တန်ချိန် ၃ သောင်းလောက်ရှိတာကို အခု စနေနေ့ကစပြီး လူတွေကို ဖြန့်ဝေပေးမှာဖြစ်ကြောင်းနဲ့ လျှပ်စစ်ဓတ်အားပေးစက်ရုံတွေ လည်ပတ်ဖို့ ဒီဇယ်တွေလည်း မနက်ဖြန် တနင်္ဂနွေနေ့မှာ ရောက်လာမယ်ဆိုတဲ့ အကြောင်း သူပုန်ပြောခွင့်ရ မာမွတ် ရှန်မန်က သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောကြား သွားပါတယ်။

ဒါပေမယ်လို့ ထရီပိုလီကို အလျင်အမြန် သိမ်းလိုက်နိုင်ပြီး နောက်ပိုင်း၊ လူတွေအနေနဲ့ အံ့သြဖွယ်ရာ အကောင်းတွေချည်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့် မထားကြဖို့၊ သူပုန်တွေက သတိပေးထားပါတယ်။

ထရီပိုလီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်ပြောတာကတော့ တိုက်ခိုက်မှုတွေ ရက်အတော် ကြာ ဖြစ်ပွားခဲ့ပြီးနောက် မြို့ အတော်များများမှာ ရေပြတ်လပ်နေပြီး၊ အစားအစာကလည်း မရှိသလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သူပုန်တွေဟာ ဂိတ်ပေါ်မှာ သူတို့အလံကို သောကြာနေ့က စတင် လွှင့်ထူထားလိုက်ပြီ

တူနီးရှားနယ်စပ်က ဂိတ်ကိုဖွင့်ပြီ

လစ်ဗျားနိုင်ငံကို လူသားချင်းဆိုင်ရာ အထောက် အပံ့ပစ္စည်းတွေ ဝင်ရောက်လာနိုင် ဖို့အတွက် အဓိကကျတဲ့ တူနီးရှားနယ်စပ် ဂိတ်ကို လစ်ဗျားသူပုန်တွေက ပြန်ဖွင့်ပေးလိုက်ပြီး၊ အဲဒီဂိတ်ကိုလည်း သူပုန်တွေက အခိုင်အမာ ထိန်းချုပ်ထားလိုက်ပြီဖြစ်ပါတယ်။

မနေ့ သောကြာနေ့ အစောပိုင်းက ရာစ်ဂျဒီရား ဂိတ်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် သူပုန် တွေဟာ ဂိတ်ပေါ်မှာ သူတို့အလံကို စတင် လွှင့်ထူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေတိုးတပ်ဖွဲ့တွေကတော့ မြို့တော် ထရီပိုလီနဲ့ ကဒါဖီ ဇာတိမြို့ ဆာ့တ်တို့ကို လေကြောင်း ကနေ တိုက်ခိုက်နေပါတယ်။

ဆာ့တ်မြို့ကိုချီတက်နေတဲ့ သူပုန်တွေကတော့ ရာဇလာနုဖ် ဆိပ်ကမ်းမြို့ အပြင်မှာ ရပ်တန့် နေပါတယ်။

နိုင်ငံခြား အလုပ်သမားတွေ ပိတ်မိနေ

လစ်ဗျားနိုင်ငံက တိုက်ပွဲတွေမှာ ပိတ်မိနေကြတဲ့ ဆာဟာရ တောင်ပိုင်းနိုင်ငံတွေက အလုပ် သမားတွေ ဆီကို ရောက်ရှိဖို့အတွက် အခက်အခဲရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံရွှေ့ပြောင်း နေထိုင်မှု ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM က ပြောပါတယ်။

Image caption အလုပ်သမားတွေဟာ ထရီပိုလီမြို့ခံတွေရဲ့ စော်ကားမှုကို ခံနေရတယ်လို့ IOM ကပြော

ဘန်ဂါဇိမြို့မှာရှိတဲ့ IOM အဖွဲ့ ခေါင်းဆောင်က ဘီဘီစီကို ပြောကြားရာမှာ ဒီအလုပ်သမား တွေဟာ ထရီပိုလီမြို့ခံတွေရဲ့ ရန်စစော်ကားမှုကို အကြီးအကျယ် ခံနေရတယ်လို့ ဆိုပါတယ်။

အလုပ်သမားအများစုဟာ အထီးကျန်ဖြစ်နေ ကြရပြီး သူတို့အတွက် ကိုယ်စားပြုပေးမယ့် သံတမန်တွေလည်း မရှိဖြစ်နေတယ်လို့ ဆိုပါ တယ်။

ဘန်ဂါဇီမြို့ကိုတော့ ထွက်ပြေးလာသူ လူပေါင်း ၂၆၀ ပါတဲ့ သင်္ဘောတစင်း ဆိုက်ကပ်လာပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း လစ်ဗျားနိုင်ငံမှာ လူသားချင်း ဆိုင်ရာ လူမှု အကျပ်အတည်းတွေ ဖြစ်နေရတာကို အတူတကွ ပူပေါင်း ကူညီ ကြဖို့ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေကို ပန်ကြားလိုက်ပါတယ်။

မြို့တော်ထရီပိုလီမှာ ရေ၊ အစားအစာ၊ လောင်စာနဲ့ ဆေးဝါးအထောက်အပံ့ အကြီးအကျယ် ပြတ်လပ်နေမှုတွေကနေ သန်းနဲ့ချီတဲ့ လူတွေအတွက် အသက် အန္တရာယ်ရှိလာ နိုင်တယ်လို့ မစ္စတာဘန်က ပြောကြားပါတယ်။