အစိုးရဖွဲ့ရေး စေ့စပ်မယ်လို့ ကဒါဖီကမ်းလှမ်း

  • 28 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ကဒါဖီရဲ့ ကမ်းလှမ်းချက်ဟာ စိတ်ကူးယဉ်တာ သာ ဖြစ်တယ်လို့ သူပုန်တွေပြော

လစ်ဗျားနိုင်ငံမှာ အသွင်းကူးပြောင်းရေး အစိုးရဖွဲ့ဖို့အတွက် ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံသူတွေနဲ့ စေ့စပ်ဆွေးနွေးရေး လုပ်ဖို့ဆိုတဲ့ ကမ်းလှမ်းချက်ကို သူပုန် ခေါင်းဆောင်တွေက ပယ်ချလိုက်ပါတယ်။

ဗိုလ်မှူးကြီးကဒါဖီဟာ အစိုးရတရပ်ဖွဲ့ရေး အတွက် စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ ဆန္ဒရှိ နေတယ်လို့ ကဒါဖီရဲ့ ပြောခွင့်ရသူ မူဆာ အီဘရာဟင်လို့ ယူဆရသူက သတင်း အေဂျင်စီတခုကို ဖုန်းဆက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဖုန်းဆက်ပြောတဲ့အသံဟာ မစ္စတာ အီဘရာဟင်ရဲ့ အသံဟုတ်မှန်ကြောင်း အဲဒီ သတင်းဌာနက ပြောပါတယ်။

သူပုန်ခေါင်းဆောင်တဦးကတော့ ကဒါဖီရဲ့ အတွင်းစည်းလက်ကျန်လူတွေရဲ့ အခုလို စေ့စပ်ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စဟာ စိတ်ကူးယဉ်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

မြို့တော် ထရီပိုလီနဲ့ တခြားမြို့ အတော်များများကို သူပုန်တွေက အခိုင်အမာ ထိန်းချုပ်ခဲ့ပြီး တဲ့ အချိန်မှာတော့ ထရီပိုလီမြို့မှာ လိုအပ်နေတဲ့ အရေးပေါ် ရေနဲ့ လောင်စာ အထောက် အပံ့တွေ စတင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတာတွေကိုလည်း အခုအချိန်မှာ ပိုမိုတွေ့ လာနေရပြီ ဖြစ်ပါတယ်။ ထရီပိုလီအနားက မီးလောင်ထားတဲ့ ဂိုဒေါင်တခုမှာ မီးကျွမ်း နေတဲ့ ရုပ်အလောင်း ၅၀ ကျော်ကို တွေ့ရှိခဲ့ပါတယ်။