နယူးယောက် မြို့ခံတွေ ဟာရီကိန်းကို ကြံ့ကြံ့ခံ

  • 28 ဩဂုတ် 2011
Irene ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရေစပ် နေသူတွေကို ကုန်းတွင်းပိုင်း ရွှေ့ပြောင်း ပေးထား

နယူးယောက်မြို့ကို ဟာရီကိန်း အိုင်ရင်း ဝင်ရောက် လာချိန်မှာ အများနဲ့ ဆိုင်တဲ့ ပို့ဆောင် ဆက်သွယ်မှု အားလုံး ရပ်ထား ပါတယ်။

မြေအောက် ရထား စနစ်ကြီး တခုလုံး အပါ အဝင် ဘပ်စကား ဝန်ဆောင်မှု အားလုံးကို မနေ့က ရပ်ထားပြီး နယူးယောက် မြို့သမိုင်းမှာ အကြီးဆုံး သဘာဝ ဘေးအန္တရယ် ကာကွယ်ရေး အစီအမံတွေကို ဖော်ဆောင် နေပါတယ်။

ဟာရီကိန်း မုန်တိုင်း ကြီးကြောင့် အမေ ရိကန်တွေ အနေနဲ့ လာမယ့် ရက်တွေကို ခက်ခဲ ပင်ပန်းစွာ ဖြတ်သန်း ရမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက သတိပေး လိုက်ပါတယ်။

အိုင်ရင်းလို့ နံမယ် ပေးထားတဲ့ ဟာရီကိန်း မုန်တိုင်းကြောင့် မြောက်ကယ်ရို လိုင်းနား နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ အနည်းဆုံး လူလေးယောက် အသက် ဆုံးရှုံး ခဲ့ရပြီး ဖြစ်ပါတယ်။

အဆောက်အဦ တွေလဲ ပြိုလဲ ပျက်ဆီး ခဲ့ရသလို ရေလွှမ်းမိုးမှု တွေနဲ့လဲ ကြုံတွေ့ နေရ ပါတယ်။

လူထောင်ပေါင်း များစွာ ဟာလဲ လျှပ်စစ် မီးမရရှိ ဘဲ နေထိုင် နေကြရ ပါတယ်။

နယူးယောက်က ရေစပ်မှာ နေထိုင်သူတွေကို တခြားကို ရွှေ့ပြောင်းဖို့ အမိန့် ထုတ်ထားပြီး မုန်တိုင်း ကျချိန်မှာ အပြင် မထွက်ဖို့ သတိပေးချက်တွေ ထုတ်ထားပါတယ်။

မြို့သူ မြို့သားတွေက အိမ်တွင်းအောင်းဖို့ လူသုံးကုန် ပစ္စည်းတွေကို အလုအယက် ဝယ်ကြတာကြောင့် သောက်ရေသန့်ဘူးတွေ ပြတ်သွားတဲ့ထိ ဖြစ်ခဲ့ပါတယ်။