အိုင်ရင်းမုန်တိုင်း အားပျော့သွားပြီ

  • 28 ဩဂုတ် 2011
Image caption အိုင်ရင်းမုန်တိုင်းဟာ လေပြင်းတွေနဲ့ အတူ နယူယောက်မြို့ကို ဝင်ရာက်ခဲ့

အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ကို ဝင်ရောက်တိုက်ခတ် နေတဲ့ အိုင်ရင်း ဟာရီကိန်း မုန်တိုင်းဟာ အားလျော့သွားပြီ ဖြစ်ပြီး၊ မိုးလေဝသ ပညာရှင်တွေက ဒီမုန်တိုင်းကို ဟာရီကိန်းအဆင့်ကနေ မုတ်သုန်ရာသီ မုန်တိုင်းအဆင့်အဖြစ် လျှော့ချ သတ်မှတ်လိုက်ပါပြီ။

အစောပိုင်းကတော့ အိုင်ရင်း ဟာရီကိန်း မုန်တိုင်းဟာ လေပြင်းတွေနဲ့ အတူ မိုးကြီးတွေ ပါရွာသွန်းပြီး နယူယောက်မြို့ကို ဝင်ရာက်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ရေလှိုင်းတွေလည်း တက်လာခဲ့ပြီး၊ လှိုင်းလုံးတွေဟာ လာမယ့် နာရီပိုင်း အတွင်း ၂.၅ မီတာ အမြင့်အထိ ရောက်ရှိနိုင် တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း ဌာနက ခန့်မှန်း ပြောကြားခဲ့ပါတယ်။

ရေလှိုင်းတွေဟာ မန်ဟန်သန်က ရေမတက်အောင် ကာထားတဲ့ အကာအရံတွေကို တိုက်စား သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း တိုးပွားခဲ့ပါတယ်။

နယူးယောက်မြို့ လမ်းတွေပေါ်မှာ ချောက်ချားဖွယ် တိတ်ဆိတ်နေတယ်လို့ အဲဒီမှာရှိတဲ့ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။

မုန်တိုင်းအန္တရာယ် ကျရောက်နိုင်တဲ့ ဇုန်ဒေသက လူ ၂ သိန်းကျော်ကို ဘေးလွတ်ရာကို သွားကြဖို့ အမိန့်ပေးထားခဲ့ပြီး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ကိုလည်း ပိတ်ပစ် ထားခဲ့ပါတယ်။

နယူးယောက်မြို့မှာ နေထိုင်တဲ့ ဦးမြင့်လှိုင်ကလည်း မြို့မှာ စပြီးရေကြီးနေပြီ ဖြစ်ကြောင်းနဲ့ မုန်တိုင်းဖြတ်မယ့် ကမ်းခြေသွားတဲ့လမ်းမှာ ရေတွေ ကျော်နေတာကို တွေ့ရကြောင်း ဘီဘီစီကို ပြောပြပါတယ်။

နောက်ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတဲ့ မြန်မာမိသားစုတွေလည်း အန္တရာယ်မရှိ အေးအေးဆေးဆေးရှိကြတယ်လို့ ဆိုပါတယ်။ နယူးယောက်မြို့က လူတွေဟာ မနေ့က မနက်ကတည်းက လိုအပ်တာတွေ ဝယ်ယူစုစောင်းထားကြတယ်လို့လည်း သူကပြောပါ တယ်။

မုန်တိုင်းကြောင့် အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် အကြီးအကျယ် ပျက်ဆီး မှုတွေ ရှိခဲ့ပြီး မြောက်ကာရိုလိုင်းနားနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ ဆိုရင် သန်းနဲ့ချီတဲ့ လူတွေဟာ လျှပ်စစ်မီး ပြတ်လပ် နေကြပါတယ်။