ကဒါဖီ ဘယ်မှာလဲ ဆိုတာ သူပုန်တွေ မသိသေး

  • 29 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption Sirte မြို့ကို ထိုးစစ်ဆင်ဖို့ သူပုန်တွေ ပြင်ဆင်

လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီ တပ်ဖွဲ့တွေ နောက်ဆုံး အခိုင်အမာ ပြုထားရာ ဆာ့ထ်မြို့ကို နေတိုးရဲ့ အကူအညီနဲ့ သူပုန် တပ်ဖွဲ့တွေက ထိုးစစ်ဆင် နေပါတယ်။

လာမယ့် ရက်အနည်းငယ် အတွင်း ဒီမြို့ကို သိမ်းနိုင်မယ်လို့ မျှော်လင့်ရကြောင်း သူပုန်တွေက ပြောပါတယ်။

ဆာ့ထ်မြို့ကို ငြိမ်းချမ်းစွာ လွှဲပေးဖို့ ဆွေးနွေးမှုတွေ ပျက်ပြား သွားခဲ့တာကြောင့် သူပုန်တွေက တိုက်ခိုက် သိမ်းယူဖို့ ပြင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆာ့ထ်မြို့ဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ မွေးရပ်မြေ ဖြစ်ပေမယ့် သူအခု ဘယ်မှာလဲ ဆိုတာ မသိသေးကြောင်း သူပုန်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သူပုန်တွေ လက်နက်ကိုင်ပြီး မြို့ထဲ လှည့်လည်

လစ်ဗျားနိုင်ငံ ထရစ်ပိုလီ မြို့တော် အပြင်ဘက်က စစ်စခန်းတခုရဲ့ မီးလောင် ပြာကျနေတဲ့ ဂိုဒေါင်ထဲမှာ မီးသွေးပြာ ဖြစ်နေတဲ့ ရုပ်အလောင်း ၅ဝ နီးပါးကို တွေ့ရပြီး ဒါတွေဟာ ဘယ်သူ ဘယ်ဝါ တွေရဲ့ အလောင်းတွေလဲ ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစား နေတယ်လို့ သူပုန်တွေက ပြောပါတယ်။

အဲဒီစစ်စခန်းဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားတယောက် အုပ်ချုပ်တဲ့ တပ်စခန်း ဖြစ်ပါတယ်။

ဒီစခန်းကို တပ်ဖွဲ့ဝင်တွေနဲ့ ကြေးစား စစ်သားတွေက သေနတ် ၊ ခဲယမ်းမီးကျောက်တွေနဲ့ တိုက်ခိုက်ခဲ့တုန်းက အဆောက်အဦ ထဲမှာ ဖမ်းထားတဲ့ အရပ်သားတွေနဲ့ ပြည့်နေတယ်လို့

မျက်မြင် သက်သေတယောက်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption လစ်ဗျားက အကျဉ်းထောင် တခု

အဲဒီ ဂိုဒေါင် အပြင်ဘက်က မြေကြီးပေါ်မှာလည်း အလောင်းတော်တော်များများတွေရပြီး လူသေအလောင်း တခုဆိုရင် ခြေထောက်မှာ ကြိုးတုပ်လျက်သားဘဲ ရှိသေးတယ်လို့ အဲဒီ နေရာကို ရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လစ်ဗျား လွန်ခဲ့တဲ့ လပိုင်းအတွင်း ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်ဖွဲ့တွေက ဖမ်းဆီး ထောင်ချ ထားခဲ့တဲ့ အတိုက်အခံ ထောက်ခံသူ ငါးသောင်းရဲ့ လုံခြုံရေးကို စိုးရိမ်မိတယ်လို့ သူပုန် ခေါင်းဆောင်တွေက ပြောပါတယ်။

အဲဒီလူတွေကို အစုလိုက် အပြုံလိုက် မြေမြုပ်လိုက်ပြီလား ဒါမှမဟုတ် လျှို့ဝှက် မြေအောက် စစ်တပ် ဘန်ကာထဲမှာဘဲ ပိတ်မိ နေသလား ဆိုတာ စိုးရိမ်ရကြောင်း သူပုန်တွေက ဆိုပါတယ်။

ဒါ့အပြင် အဲဒီ မြေအောက် စစ်တပ် ဘန်ကာကို သိတဲ့လူတွေ သူတို့ဆီကို သတင်းပေး အကြောင်းကြားဖို့ လူထုကို ဆော်သြထားပါတယ်။

အစောပိုင်းတုန်းက ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံသူတွေက ပူးတွဲ ကြားဖြတ် အစိုးရ ဖွဲ့စည်းဖို့ ကမ်းလှမ်းချက်ကို သူပုန်တွေက ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားက စစ်ဆေးရေး ဂိတ်တခု

လစ်ဗျားနိုင်ငံမှာ သူပုန်တွေကို အကူအညီ ပေးနေတဲ့ ခလေးတွေ အတွက် စိုးရိမ်ပူပန်မိတယ် လို့ Save the Children လူမှုရေး ပရဟိတ အဖွဲ့က ပြောပါတယ်။

သူတို့ဟာ လက်နက် ၊ ရိက္ခာနဲ့ ရေ ဖြန့်ဝေရေး လုပ်ငန်းတွေ ရှေ့တန်း စစ်မျက်နှာမှာ လုပ်နေတယ်လို့ ပရဟိတ ကယ်ဆယ်ရေး ဝန်ထမ်းတွေကို လူငယ်လေး တွေက ပြန်ပြောပြခဲ့ပြီး သူတို့ကို စစ်ဆေးရေး ဂိတ်တွေမှာလည်း တွေ့ရနိုင်ပါတယ်။

လူငယ်တွေဟာ တော်လှန်ရေးမှာ ပါဝင်ဖို့ စိတ်အားသန်ပြီး သူပုန်တွေကို ဆန္ဒအလျှောက် ကူညီနေတာ ဖြစ်ပေမယ့် ဒီခလေးတွေရဲ့ အရေးအတွက် စိတ်ပူကြောင်း ဘန်ဂါဇီမြို့က ပရဟိတ ဝန်ထမ်း တယောက်က ဘီဘီစီကို ပြောပါတယ်။