ကဒါဖီ မိသားစု အယ်လ်ဂျီးရီးယားနိုင်ငံထဲ ဝင်ခိုလှုံ

  • 30 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အယ်လ်ဂျီးရီးယားနိုင်ငံထဲ ခိုလှုံသွားတဲ့ ကဒါဖီ သားနဲ့ သမီး

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ ဇနီး ဆာဖီယာနဲ့ သူ့သားသမီး ၃ ဦး ဟာ လစ်ဗျားနိုင်ငံကနေ အယ်လ်ဂျီးရီးယား နိုင်ငံ ဆီ ထွက်ပြေးလာကြတယ် ဆိုတာ အယ်လ်ဂျီးရီးယား အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။

မနေ့ မနက်က နယ်စပ်ကို ဖြတ်ကျော် ဝင်လာ တာလို့ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

အယ်လ်ဂျီးရီးယား နိုင်ငံထဲ ထွက်ပြေးသွားတဲ့ သားသမီး ၃ဦးက ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားအကြီးဆုံး မူဟာမက်၊ နောက်သားတဦး ဖြစ်တဲ့ ဟက်နီဘယ်လ် နဲ့ သမီး ဖြစ်သူ အိုင်အီရှာ တို့ ဖြစ်ပါတယ်။

သူတို့ကို လူသားချင်း စာနာတဲ့ အနေနဲ့ အယ်လ်ဂျီးရီယား အစိုးရက လက်ခံခဲ့တာ ဖြစ်ပြီး သူတို့တွေဟာ ICC နိုင်ငံတကာ ရာဇဝတ်ရုံးက အလိုရှိနေသူတွေစာရင်းထဲမှာ ပါတဲ့သူတွေ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ အယ်လ်ဂျီးရီးယား သံအမတ်ကြီး Morad Benmehidi က ဘီဘီစီကို ပြောသွားပါတယ်။

ဒါပေမဲ့လည်း NTC လစ်ဗျား အမျိုးသား အသွင် ကူးပြောင်းရေး ကောင်စီကတော့ ကဒါဖီ မိသားစုကို လစ်ဗျားနိုင်ငံထဲ ပြန်လွှဲပြောင်းခွင့် ရနိုင်ဖို့ ကြိုးပမ်းမယ်လို့ ပြောကြားလိုက်ပြီး ကဒါဖီ မိသားစုကို အခုလို အယ်လ်ဂျီးရီးယားနိုင်ငံမှာ ခိုလှုံခွင့် ပေးဖို့ အယ်လ်ဂျီးယား အစိုးရ က ဆုံးဖြတ်လိုက်တာဟာ ရန်စတဲ့ လုပ်ရပ်ပဲလို့ NTC ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီရဲ့ နောက်သားတစ်ဦး ဖြစ်တဲ့ ခါမစ်စ် ကတော့ တာဟူနာ မြို့နားမှာ သူပုန်တွေနဲ့ ရင်ဆိုင် တိုက်ခိုက်မှု အတွင်း သေဆုံးသွားပြီလို့ ယူဆရကြောင်း လစ်ဗျား သူပုန်အဖွဲ့က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ နေတိုးအဖွဲ့ တပ်မှူးတွေက လစ်ဗျား နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ မပြီးဆုံး သေးတဲ့အတွက် ဗိုလ်မှူးကြီး ကဒါဖီ တပ်ဖွဲ့တွေကို လေကြောင်း ကနေ တိုက်ခိုက် နေမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ကာတာနိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲ အပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နေတိုး တပ်မှူး တွေက ဗိုလ်မှူးကြီး ကဒါဖီရဲ့ ကျန်နေသေးတဲ့ တပ်တွေကို ဆက် ဗုံးကြဲ တိုက်ခိုက် သွားမယ်လို့ ဖေါ်ပြထားပါတယ်။