ကဒါဖီကို ဆက်တိုက်ဖို့ နေတိုးကို သူပုန်ပြော

NTC ဓာတ်ပုံ မူပိုင် BBC World Service
Image caption လစ်ဗျား သူပုန် ခေါင်းဆောင်က ကဒါဖီဟာ ဒုက္ခ ပေးနိုင် သေးတယ်လို့ ပြော

ကဒါဖီတပ် အကြွင်း အကျန်တွေကို နေတိုးက လေကြောင်းကနေ ဆက်ပြီး စစ်ဆင်ရေး လုပ်ပေးဖို့ လစ်ဗျား သူပုန် တွေရဲ့ အမျိုးသား အသွင် ကူးပြောင်းရေး ကောင်စီ အင်တီစီက တောင်းဆိုလိုက် ပါတယ်။

ကာတာ နိုင်ငံမှာ ပြုလုပ်တဲ့ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးမှာ အင်တီစီ ဥက္ကဌ မူစတာဖာ အက်ဘဒဲ ဂျလီးက ကဒါဖီဟာ လစ်ဗျား ပြည်သူတွေ အတွက်တင် မဟုတ်ဘဲ တကမ္ဘာလုံး အတွက်ပါ ချိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကဒါဖီဟာ သူ့ရဲ့ နောက်ဆုံး အချိန်တွေမှာတောင် တကယ် ဆိုးသွမ်းတဲ့ လုပ်ရပ်တွေ ကျူးလွန် နိုင်စွမ်း ရှိသေးတယ်လို့ မစ္စတာ အက်ဘဒဲ ဂျလီးက ပြောပါတယ်။

လစ်ဗျား သူပုန်တွေ ထရီပိုလီမြို့ကို ပြီးခဲ့တဲ့ အပတ်က ဝင်ပြီး ကဒါဖီရဲ့ နေအိမ်ဝင်ကို စီးနင်း သိမ်းပိုက်လိုက်ချိန်က စပြီး ကဒါဖီဟာ ဝရမ်းပြေးလို ထွက်ပြေး တိမ်းရှောင် နေရပါတယ်။

မြို့တမြို့ သူပုန် ထပ်သိမ်း

ဓာတ်ပုံ မူပိုင် Reuters
Image caption ကဒါဖီ ဇာတိကို ချီတက် သွားတဲ့ သူပုန်တပ်များ

ကဒါဖီရဲ့ ဇာတိမြို့ ဖြစ်တဲ့ ဆာရက်တကို ချီတက်သွားနေတဲ့ လစ်ဗျား သူပုန်တွေဟာ လမ်းမှာရှိတဲ့ လက်နက် ချဖို့ စိတ်မကူးထားတဲ့ ကဒါဖီ တပ်သား ထောင်ပေါင်းများစွာရှိနေ တယ်လို့ ယူဆရတဲ့ နုဖားလီးယား ဆိုတဲ့ မြို့လေး တမြို့ကို သိမ်းပိုက် ခဲ့ပါတယ်။

သူပုန်တွေက သူတို့ဘက်က သွေးထွက် သုံယိုမှုတွေကို ဖြစ်နိုင်ရင် ရှောင်ချင်တယ်လို့ ပြောပြီး ဆာရက်တ မြို့ကို အေးအေးဆေးဆေး လွှဲပေးဖို့ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင် တွေဆီက သဘောတူညီမှု လိုချင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ခုထိတော့ ဒီစကား ပြောဆိုမှုတွေဟာ မအောင်မြင်သေးပါဘူး။

ဆာရက်တဟာ ကဒါဖီ ထောက်ခံသူတွေ ခြေကုပ်ယူထားတဲ့ သူ့ဇာတိမြို့ ဖြစ်ပေမယ့် ကဒါဖီ ကိုယ်တိုင် အဲဒိမှာ ပုန်းမနေဘူးလို့ သူပုန် ပြောခွင့်ရ တာဝန်ခံ တယောက်က ပြောပါတယ်။