အိုက်စလန်မှာ တရုတ် မြေအမြောက် အမြေား ဝယ်

  • 31 ဩဂုတ် 2011
Iceland ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိုက်စလန်က သဘာဝ အလှ

သန်းပေါင်း များစွာ ချမ်းသာတဲ့ တရုတ် စီးပွားရေး သမား တဦးဟာ အိုက်စလန် နိုင်ငံ အရှေ့ မြောက်ပိုင်းမှာ လှပတဲ့ သဘာဝ မြေရိုင်း စတုရန်း ကီလို မီတာ သုံးရာ လောက်ကို ဘာကြောင့် လိုချင် ရသလဲ ဆိုတာ စိတ်ဝင်စားစရာ မေးခွန်း ဖြစ်ပေမယ့် တိကျတဲ့ အဖြေတော့ မရှိပါဘူး။

ဒါပေမယ့် တရုတ် နိုင်ငံရဲ့ ဝါဒ ဖြန့်ချီရေးနဲ့ ဆိုင်တဲ့ ဝန်ကြီး ဌာနက အရာရှိဟောင်း ဖြစ်တဲ့ အိမ်ခြံမြေ လုပ်ငန်းမှာ ရင်းနှီး မြှုပ်နှံသူ Huan Nubo ဟာဒီလိုဝယ်ဖို့အတွက် သဘော တူညီချက် ရလု နီးနေပြီ ဆိုတာတော့ သေချာပါတယ်။

ဒေသခံ မြေပိုင်ရှင်နဲ့ ပဏာမ သဘော တူညီချက်ကို အခု ရထားပြီ ဖြစ်ပြီး နောက်တဆင့် အနေနဲ့ အိုက်စလန် အစိုးရဆီက အတည် ပြုချက် ရဖို့ဘဲ လိုပါတယ်။

မစ္စတာ Huan က သူ့ကိုယ်သူ စွန့်စားမှုကို ကြိုက်တဲ့ ကဗျာ ဆရာ တဦးလို့ ဆိုပါတယ်။

သူ့ကုမ္ပဏီဟာ တရုတ် နိုင်ငံမှာလည်း အပန်းဖြေ စခန်းတွေကို ပိုင်ပါတယ်။

သူဟာ တရုတ် နိုင်ငံမှာ ၁၆၁ ဦးမြောက် အချမ်းသာဆုံးလို့ Forbes မဂ္ဂဇင်း က သတ်မှတ် ပါတယ်။

သူ့ကို ဝေဖန်သူတွေကတော့ ဒီစီမံကိန်းရဲ့ နောက်ကွယ်မှာ ကမ္ဘာ့ အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ် နိုင်ငံရဲ့ ပထဝီ နိုင်ငံရေး ကစားကွက် ရှိနေတယ်လို့ ဆိုပါ တယ်။

အိုက်စလန် နိုင်ငံဟာ မြောက်အတ္တလန်တိတ် သမုဒ္ဒရာ အတွက် မဟာ ဗျူဟာ ကျတဲ့ နေရာမှာ တည်ရှိပါတယ်။

အခုဝယ်မယ့် မြေနေရာကို အိုက်စလန်က ရေခဲ တောင်တွေ အရည် ပျော်ကျပြီး စီးဆင်းနေတဲ့ အကြီးဆုံး မြစ်တွေထဲက တခုလည်း ဖြတ်စီး နေပါတယ်။

ဘယ်လို ဝေဖန်မှုတွေ ရှိနေနေ မစ္စတာ Huan ကတော့ သူ့မြေ ပေါ်က ဖြတ်စီးတဲ့ ရေကို သူပိုင်အဖြစ် ကြေညာပြီး အတားအဆီး လုပ်မှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

လူဦးရေ သုံးသိန်း နှစ်သောင်းသာ ရှိတဲ့ အိုက်စလန် နိုင်ငံဟာ တရုတ်ရဲ့ လူဦးရေ သန်း ၁၃၀၀ နဲ့ စာရင် မပြောပလောက် သလို ကမ္ဘာ့ ငွေကြေး အကြပ် အတည်းကြောင့် ဘဏ်တွေ ပြိုလဲသွားရာကနေ နာလန် ထူအောင် ကြိုးစား နေရတုန်းပါ။

ဒါပေမယ့် လူတဦးချင်းရဲ့တကယ့် ဝင်ငွေအနေနဲ့ ကြည့်ရင်တော့ အိုက်စလန် နိုင်ငံသား တဦးဟာ တရုတ် နိုင်ငံသား တဦးထက် ဝင်ငွေ ငါးဆလောက် ပိုပါတယ်လို့ ဘီဘီစီ သတင်း ထောက် Mark Gregory က သတင်း ပေးပို့ ထားပါတယ်။