ဒေါ်လာ သန်းထောင်ငါးရာ နဲ့ညီမျှတဲ့ လစ်ဗျား ပိုင်ငွေ ကုလ သုံးခွင့်ပြု

  • 30 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ဗြိတိန်ရဲ့ တောင်းဆိုံမှုကြောင့် မတ်လကတည်းက ထိန်းချုပ်ထားတဲ့ ဒေါ်လာသန်း ထောင်ငါးရာနဲ့ ညီမျှတဲ့ လစ်ဗျား အစိုးရပိုင် ငွေစက္ကူ တွေကို ကုလသမဂ္ဂက ထုတ်သုံးခွင့် ပေးဖို့ အတည်ပြုလိုက်ပါပြီ။

ဒီငွေတွေကို အရေးပေါ် ကယ်ဆယ်ကူညီရေးနဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ လခ ပေးဖို့ အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်လို့ ဗြိတိသျှ အစိုးရက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အမေရိကန် ဘဏ်တွေမှာ အပ်ထားတဲ့ လစ်ဗျား အစိုးရပိုင်ငွေ ဒေါ်လာ သန်း ထောင်ငါးရာကို ကုလသမဂ္ဂ ပိတ်ဆို့အရေးယူရေး ကော်မတီက ထုတ်သုံးခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဂျာမနီနဲ့ ပြင်သစ်တို့ကလည်း အလားတူ ဆောင်ရွက်ဖို့ အတည်ပြုချက် စောင့်နေဆဲ ဖြစ်ပါတယ်။

လစ်ဗျား က အသွင်ကူးပြောင်းရေး ကောင်စီဟာ လူထုအတွက် မရှိမဖြစ် လုပ်ပေးရမယ့် ဝန်ဆောင်မှုတွေကို ဖြည့်စွမ်းပေးနိုင်ဖို့ ရုန်းကန်ကြိုးစား နေရတယ် ဆိုတာ ဥရောပ နိုင်ငံတွေကြား နားလည်မှု ရှိခဲ့ကြတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

၁၉၈၄ ခုနှစ်တုန်းက ဗြိတိန်က ရဲအရာရှိ အမျိုးသမီး Yvonne Fletcher ကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ သင်္ကာမကင်း ဖြစ်ခံရသူ လစ်ဗျား နိုင်ငံသား Abdulqadir al-Baghadi ဟာ အသတ်ခံလိုက်ရတယ် လို့ အသွင်ကူးပြောင်းရေး ကောင်စီက ပြောပါတယ်။

အဲဒီတုန်းက လန်ဒန်က လစ်ဗျား သံရုံးမှာ မစ္စတာ ဘဂါဒီက သံအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကဒါဖီ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ သံရုံးရှေ့မှာ ဖြစ်ပွားတုန်း သံရုံးထဲကနေ ပစ်ခတ်လို့ ဗြိတိသျှ ရဲအရာရှိ အမျိုးသမီး သေဆုံးခဲ့ ရတာ ဖြစ်ပါတယ်။