လစ်ဗျား ယာယီ ခေါင်းဆောင် ကဒါဖီကို ရာဇသံပေး

Libya free ဓာတ်ပုံ မူပိုင် Getty
Image caption ကဒါဖီကို မိဖို့ လက်တကမ်းပဲ လိုတော့တယ်လို့ အင်တီစီပြော

လစ်ဗျားက အမျိုးသား အသွင်ကူးပြောင်း ရေးကောင်စီက ကဒါဖီ တပ်တွေကို စနေနေ့ နောက်ဆုံးထား လက်နက်ချဖို့ ရာဇသံ ပေးလိုက်ပါတယ်။

ဒီရာဇသံထဲမှာ ကဒါဖီ၊ သူ့မိသားစုနဲ့ သူ့ကို သစ္စာ စောင့်သိသူ အားလုံး အကြုံးဝင်တယ်လို့ လစ်ဗျား ယာယီ ခေါင်းဆောင် မူစတာဖာ ဂျလီးက ပြောပါတယ်။

ခုချိန်မှာ ကဒါဖီကို ရှင်းလင်းဖို့ လုပ်နေတဲ့ တပ်တွေဟာ ကဒါဖီကို သစ္စာ စောင့်သိ သူတွေရဲ့ ခုခံမှုတွေကို အပြီးတိုင် အနိုင် မယူနိုင် သေးပါဘူး။

လစ်ဗျား ယာယီ ခေါင်းဆောင်ရဲ့ ရာဇသံကို ဗြိတိန်က ကြိုဆိုလိုက်ပြီး ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်က ဒါဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

ကဒါဖီနဲ့ သစ္စာ စောင့်သိသူတွေကို ရာဇသံ ထုတ်ပြီး တဆက်ထဲမှာ လစ်ဗျား ယာယီ ခေါင်းဆောင်က လစ်ဗျားမှာ လုံခြုံရေး အတွက် နေတိုး အဖွဲ့ရဲ့ အကူအညီကို မလိုအပ်ဖူးလို့ ပြောလိုက်ပါတယ်။

တဘက်မှာ ကဒါဖီကို သူတို့ ကိစ္စ ပြီးအောင် မဖြတ်နိုင်သေးဘူးလို့ မစ္စတာ ဂျလီးက ပြောပါတယ်။

ကဒါဖီ ဘယ်မှာလဲ ဆိုတာ ခုထိ မသိကြသေးဘဲ သူဟာ လစ်ဗျားက မြို့ တမြို့မြို့မှာ ရှိနေနိုင်တယ်ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေသာ ရှိပါတယ်။

လွန်ခဲ့တဲ့ ခြောက်လ လစ်ဗျား စစ်ဆင်ရေး စချိန်ကနေ ခုထိ သေဆုံးသူ ငါးသောင်း လောက် ရှိတယ်လို့ အင်တီစီက တပ်မှုး တယောက်က ပြောပါတယ်။

ဒီအတော အတွင်းမှာ ကဒါဖီရဲ့ ဇာတိ ဖြစ်တဲ့ ဆာရက်တမြို့ကို သိမ်းပိုက် နိုင်ဖို့ လူမျိုးစု ခေါင်းဆောင်တွေနဲ့ စေ့စပ် ညှိနှိုင်း နေပေမယ့် အောင်မြင်မှု မရသေးပါဘူး။

မနေ့ကတော့ ကဒါဖီရဲ့ ဇနီး ဆာဖီရာနဲ့ သမီးနဲ့ သားတွေ အယ်လဂျီးရီးယား နိုင်ငံထဲကို ကုန်းလမ်းကနေ နယ်စပ်ကို ဖြတ်ပြီး ဝင်ရောက် ခဲ့ပါတယ်။

အယ်လဂျီးရီးယားက အသွင် ကူးပြောင်းရေး ကောင်စီ အင်တီစီကို အသိအမှတ် မပြုသေးသလို ကဒါဖီ မိသားစုကို လက်ခံ ထားတဲ့ အတွက် အင်တီစီက အယ်ဂျီးရီးယား အစိုးရကို ပြစ်တင် ရှုံ့ချ လိုက်ပါတယ်။

ကဒါဖီ မိသားစုကို လက်ခံတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဆိုင်ရာ အယ်ဂျီးရီးယား သံအမတ်ကြီးက သဲကန္တရထဲက နိုင်ငံတွေ အနေနဲ့ ဧည့်ဝတ် ကျေမှုနဲ့ ပတ်သက်ပြီး စောင့်ထိန်းရမယ့် အရာတွေ ရှိတယ်လို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။

တဘက်မှာ ဇင်ဘာဘွေ နိုင်ငံမှာ ရှိတဲ့ လစ်ဗျား သံရုံးက အင်တီစီကို အသိအမှတ် ပြုပြီးနောက် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီက လစ်ဗျား သံအမတ်နဲ့ သံရုံး ဝန်ထမ်းတွေကို သူ့နိုင်ငံထဲက နှင်ထုတ် ခဲ့ပါတယ်။