ဆာ့တ်မြို့ကို လစ်ဗျား သူပုန်တွေ ဝိုင်းပြီ

  • 31 ဩဂုတ် 2011
Libya ဓာတ်ပုံ မူပိုင် BBC World Service
Image caption သူပုန်တွေဟာ ပုံမှန် စစ်တပ် စစ်ဆင်ရေး တခု အသွင် နဲ့ ပို ဆောင်ရွက် လာနိုင်ပြီ

ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ အမာခံ ထောက်ခံ သူတွေ အခြေ စိုက်ရာ ဆာတ့် မြို့ ကို အတိုက် အခံ တွေက ဝိုင်းထား ပြီး စနေနေ့ ကို လက်နက် ချ ကြဖို့ နောက်ဆုံး ရက် သတ်မှတ် ထား ပါတယ်။

အတိုက် အခံ သူပုန် တပ်ဖွဲ့တွေ အနေနဲ့ အရင်က တိုက်ပွဲ ဖော်ကြတဲ့ ပုံစံ က ပျောက်ကြား ဆန်ဆန် ဖြစ်ခဲ့ပေမယ့် အခုတော့ ပုံမှန် စစ်တပ် တခု က စစ်ဆင်ရေး လုပ်မယ့် အသွင် ကို ဆောင် နေတယ် လို့ ဘီဘီစီ သတင်းထောက် တွေက ပြောကြပါတယ်။

သူတို့ အခု အစ် ပွဲတော် ကာလ ကိုစောင့်ပြီး စနေနေ့ ကို နောက်ဆုံး ရက် သတ်မှတ် ပြီး လက်နက် ချဖို့ အမိန့်ထုတ်ထား တာပါ။

ပြီးတော့ ဆာတ့်မြို့ ကို တောင်ဖက် တဖက် က လမ်း ကို ပဲ ဖွင့်ထားပေးပြီး ပင်လယ် ဖက် ထွက်ပေါက် လမ်း ကြောင်း အပါ အဝင် တခြား ဖက် ၃ ဖက် ကို သူတို့ ပိတ်ဆို့ ဝိုင်းရံ ထား ပါတယ်။

ကဒါဖီ ကို ထောက်ခံပြီး တိုက်မယ့် သူတွေ အခြေမလှ လို့ တောင် ဖက်လမ်းကြောင်း က ဆုတ်ခွာမယ် ဆိုရင်လည်း အဲဒီ မှာ သဲကန္တာရ သာ ရှိတာ မို့ နေတိုး လေကြောင်း အန္တရာယ် ကို သူတို့ ကြုံရ နိုင်တယ် လို့ လည်း ခန့်မှန်း ကြ ပါတယ်။

တကယ်တမ်း ဆာတ့်မြို့ ထဲမှာ တိုက်ပွဲတွေ ဖြစ်ရင်တော့ ၂ ဖက် စလုံး အတွက် အလွန် ကို အန္တရာယ် များတဲ့ တိုက်ပွဲ တွေ ဖြစ်လာနိုင်ပါတယ်။

သူပုန် တပ်ဖွဲ့တွေ အနေနဲ့ ကတော့ သူတို့ ကို ဆန့်ကျင် နေတဲ့ ဧရိယာ ကွက်ကွက် လေး တွေကို လိုက်ရှင်း ရင်း ဆာတ့် ကို ရံထား နိုင်နေပါပြီ။

သူပုန်တွေ ကြား မှာ အခု လို သမားရိုးကျ တပ်တွေ ပုံ စံ ပြင်ဆင်မှု တွေ ရှိနေပေမယ့် လည်း သူတို့ ကြား မှာ အစုလိုက် အဖွဲ့ လိုက် ကွဲပြား မှု တွေ အများကြီး ရှိနေ ပါတယ်။

မစ်စရာတာ မှာရှိတဲ့ သူပုန်တွေ က ဝန်ကြီးချုပ်ရုံး နေရာ တွေကို စီးထား ချိန်မှာ နိုင်ငံ အနောက်ပိုင်း တောင်တန်း တွေ ဆီ က လာတဲ့ သူပုန် တွေ ကတော့ လေဆိပ်ကို ထိန်းထား ပါတယ်။

ဘင်ဂါဇီ က တပ်ဖွဲ့တွေ က လည်း မြို့မှာ သူတို့ ထိန်း ထား ရာ နေရာ တွေ ကို သူတို့ ကိုယ်ပိုင် အမှတ် အသား နဲ့ စိုက်ထူ ကန့်သတ် ထား တာ ကို တွေ့ ရပါတယ်။

ဒါ့အပြင် ကဒါဖီ ကို အရင်သစ္စာခံ ခဲ့ပြီး သူတို့ဖက် ကို ကူးပြောင်း လာသူတွေ ကို လုံခြုံရေး ဆိုင်ရာ တာဝန်ပေးမှု တွေ အပေါ် တဖွဲ့နဲ့ တဖွဲ့ သဘောမတူ တာ ကို တွေ့ ရပါတယ်။

ဘယ်လို ပဲ ဖြစ်စေ ကဒါဖီ နဲ့ သူ့သားတွေ ကို ဖမ်းဆီးနိုင်ရေး အတွက် သူတို့ ညီတူ ဝိုင်း ကြ ဦးမှာ ဆိုတော့ အခု ကဒါဖီ အမာခံ မြို့ ဖြစ်တဲ့ ဆာတ့် ကို သိမ်းပိုက် ရေး မှာ တော့ စုစု စည်းစည်း ဖြစ်နေ ကြတယ် လို့ သိရပါတယ်။