အငြင်းပွားဖွယ် ဥပဒေ သီရိလင်္ကာ ထုတ်ပြန်

  • 31 ဩဂုတ် 2011
Lanka
Image caption ကျားသူပုန်တွေကို နှိမ်နင်း တုန်းက ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ရှိခဲ့

သီရိလင်္ကာ နိုင်ငံမှာ အကြမ်းဖက်ခြောက် လှန့်သတ်ဖြတ်မှု ဝါဒနဲ့ ဆက်စပ်သူ အဖြစ် သံသယ ရှိသူတွေကို ပုဒ်မ မတပ်ပဲ ဖမ်းဆီး ထိန်းသိမ်းထားနိုင်မယ့် ဥပဒေ ကြမ်းကို အစိုးရက မနေ့က ထုတ်ပြန် လိုက်ပါတယ်။

အစိုးရကို အလားတူ အခွင့် အာဏာ ပေးထားတဲ့ အငြင်းပွားဖွယ် အရေးပေါ် ဥပဒေတွေ သက်တမ်း ကုန်ဆုံးသွားပြီးနောက် အစိုးရကို ခုဥပဒေသစ်ကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

တဘက်မှာ အစိုးရရဲ့ အရေးပေါ် ဥပဒေတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူ တထောင်ကျော်ကို ရှေ့လလောက် ပြန်လွှတ်ပေးနိုင်စရာ ရှိတယ်လို့ သီရိလင်္ကာ တရားရေး ဝန်ကြီးက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောပြခဲ့ပါတယ်။

ဒါပေမယ့် အသစ် ထုတ်လိုက်တဲ့ ဥပဒေနဲ့ အစိုးရဟာ တခြား သံသယ ရှိသူတွေကို ထောင်ထဲ ဆက်ထည့်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒီဥပဒေနဲ့ ဖမ်းထားသူ ဘယ်နှစ်ယောက် ဆက်ရှိနေသလဲဆိုတာ အစိုးရက ထုတ်မပြော ပါဘူး။

မနှစ်က အစိုးရက တမီး ကျားသူပုန်တွေကို အပြတ် တိုက်ရာမှာ စစ်တပ်ရဲ့ ဥပဒေမဲ့သတ် ဖြတ်မှုတွေ ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ပါတယ်။