ဖမ်းဆီးခံ ဆီရီးယားဆန္ဒပြသူ ၈၈ ဦး သေဆုံး

  • 31 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption ဆန္ဒပြသူတွေကို တင့်ကားတွေနဲ့ ဖြိုခွင်းခဲ့ တာတွေလည်း ရှိပါတယ်

ဆီးရီးယားနိုင်ငံမှာ အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ ငါးလကြာ ကာလအတွင်း ရဲစခန်းတွေမှာ ထိန်းသိမ်းခံ နေရစဉ် သေဆုံးသွားရတယ်လို့ ယူဆရသူ လူ ၈၈ ဦးရဲ့ အသေးစိတ် အချက်အလက် တွေကို လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Amnesty International က ထုတ်ပြန်လိုက် ပါတယ်။

အကျဉ်းကျခံခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေမှာ ရိုက်နှက်ထားတာတွေ၊ မီးလောင်နေတာတွေ၊ လျှပ်စစ်ကျင်စက်နဲ့ တို့ထားတာတွေ အပါအဝင် တခြား မတရားနှိပ်စက်မှု ပြုထားတဲ့ ဒဏ်ရာတွေရှိနေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကလစ်တွေကို Amnesty International က ရရှိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခြင်းခံပြီး ပြန်လွတ်လာခဲ့သူ အီဘရာဟင် ဂျမားလ်က သူထိန်းသိမ်းခံရစဉ်တုန်းက အထဲမှာ ကလေးတယောက်က အကျယ်ကြီးအော်ပြီး အကူအညီတောင်းခံသံကို ကြားခဲ့ရ တဲ့အတွက် ကြည့်လိုက်တော့၊ ကလေးကို သေနတ်နဲ့ထု၊ သံချွန်တွေနဲ့ထိုးပြီး ရိုက်နှက်ခဲ့ တာကြောင့် ကလေးလည်း သတိမေ့မျှော် သွားတယ်လို့ သူမြင်တွေ့ခဲ့ ရတာကို ရှင်းပြပါ တယ်။

ဆီးရီးယား အစိုးရဟာ လူတွေရဲ့အသက်ကို အလေးမထားပဲ ရက်စက်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ Amnesty International ရဲ့ ပြောခွင့်ရသူက စွပ်စွဲ လိုက်ပါတယ်။

အခုတွေ့ရတဲ့ နောက်ကွယ်က သတ်ဖြတ်ခံရသူ အားလုံးဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်လို့ ဖမ်းဆီး ခံရသူတွေဖြစ်ကြောင်း Amnesty က ပြောပါတယ်။ တချို့ အသတ်ခံရသူ တွေ ဟာ ဆိုရင် အသက် ၁၃ နှစ်အရွယ် လူငယ်တွေ ဖြစ်ကြပါတယ်။။