ကဒါဖီ သားတွေ တယောက် တမျိုး ပြောနေ

  • 1 စက်တင်ဘာ 2011
Saif Gaddafi ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆေ့ဖ ကဒါဖီက သေတဲ့ထိ တိုက်ပွဲ ဝင်ဖို့ ဆော်သြော နေပါတယ်

အတိုက်အခံ အင်အားစုတွေနဲ့ စေ့စပ် စကားပြောဖို့ ကဒါဖီရဲ့ သားတယောက် ဖြစ်တဲ့ ဆာဒီ ကဒါဖီကို တရားဝင် အခွင့် အာဏာ ပေးလိုက်ပြီဆိုပြီး အာရေဗီ ဘာသာနဲ့ ထုတ်လွှင့်တဲ့ အယ်လအာရေး ဘီးယား သတင်း ဌာနက လွှင့်ထုတ် သွားပါတယ်။

ဆာဒိ ကဒါဖီက သွေးထွက် သံယို ဖြစ်မှုတွေကို တားဆီးဖို့ သူဟာ အတိုက်အခံ တပ်မှုး တယောက်နဲ့ အဆက်အသွယ် ရထားတယ်လို့ ပြောလိုက်ပါတယ်။

ဒါပေမယ့် နောက်ထပ် အသံလွှင့် ဌာန တခုကတော့ ကဒါဖီရဲ့ နောက်သားတယောက်ဖြစ်တဲ့ ဆေ့ဖ ကဒါဖီနဲ့ အဆက်အသွယ် ရပြီး သူက ကဒါဖီကို ထောက်ခံသူတွေဟာ သေတဲ့ အထိ တိုက်သွားမယ်လို့ ပြောကြောင်း ထုတ်လွှင့် သွားပါတယ်။

ဆေ့ဖ ကဒါဖီက လစ်ဗျား နိုင်ငံသား အားလုံးကို အတိုက်အခံ အင်အားစုတွေကို ဆန့်ကျင်ဖို့ အုံကြွကြဆိုပြီး ဆော်သြ လိုက်ပါတယ်။

နောက်သတင်း တပုဒ်မှာတော့ ကဒါဖီရဲ့ နိုင်ငံခြားရေး ဝန်ကြီး အက်ဘဒယ်လတီ အိုဘေဒီကို ထရီပိုလီနားက သူပိုင်တဲ့ လယ်ကွင်း တခုမှာ ဖမ်းဆီးရမိတယ်လို့ ထုတ်လွှင့် သွားပါတယ်။

ကာနယ် ကဒါဖီ ကိုယ်တိုင်က သူ့ရဲ့ ဇာတိ ဖြစ်တဲ့ ဆာရက်မြို့က မြို့သူမြို့သားတွေကို ရေဒီယိုကနေ မိန့်ခွန်း ပြောပြီး အတိုက်အခံ အင်အားစုတွေဆီ လက်နက် မချဖို့ တိုက်တွန်း ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပါတယ်။

ဒီမိန့်ခွန်းကို အင်္ဂါနေ့ညက ထုတ်လွှင့်ခဲ့ပုံ ရပြီး အတိုက်အခံ အင်အားစု တွေက ဆာရက်ကို လက်နက် ချဖို့ ရာဇသံ ပေးထားတာဟာ သူတို့ဆီက လက်နက်တွေကို သိမ်းပြီး အစုလိုက် အပြုံလိုက် သတ်ပစ်ဖို့ ထောင်ချောက် ဆင်ထားတာလို့ ကဒါဖီက သတိပေးခဲ့ပါတယ်။

ဒီအတော အတွင်းမှာ အတိုက်အခံ အင်အားစုတွေက လျှို့ဝှက် ဆောက်ထားတဲ့ မြေအောက် အကျဉ်းထောင်တွေကို တွေ့ရှိခဲ့တယ်လို့ ပြောပြီး ဒီအကျဉ်းထောင်တွေမှာ သောင်းနဲ့ချီတဲ့ ကဒါဖီ ဆန့်ကျင်ရေး သမားတွေကို ဖမ်းဆီး ထိန်းသိမ်းထာတာ ဖြစ်နိုင်တယ်လို့ ပြောနေပါတယ်။