ဥရော အစိုးရတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ ပါဝင်နေ

  • 2 စက်တင်ဘာ 2011
Image caption ဥရောပ ကောင်စီရဲ့ အမှတ်တံဆိပ်

ဥရောပကောင်စီ လူ့အခွင့်အရေး အဖွဲ့အကြီးအကဲက ဥရောပ နိုင်ငံ အစိုးရတွေကို ပြင်းပြင်း ထန်ထန် ဝေဖန် တိုက်ခိုက် လိုက်ပြီး သူ့အဆိုအရ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲ အတွင်း အမေရိကန်တို့ ကျူးကျော်တဲ့ ရာဇဝတ်မှု တွေမှာ ဥရောပ အစိုးရတွေ ဟာလဲ ကြံရာပါ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဥရောပ ကောင်စီ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Thomas Hammarberg က Rendition လို့ခေါ်တဲ့ အကြမ်းဖက် သမား အဖြစ် မသင်္ကာသူတွေကို ဖမ်းဆီးပြီး သူတို့ကို ညှင်းပမ်း နှိပ်စက်ဖို့ တတိယ နိုင်ငံတွေဆီ ပို့ပေးခဲ့တဲ့ လုပ်ရပ်တွေမှာ ဥရောပ နိုင်ငံတွေက ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့အခေါ်အရ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ သူတို့ ပါဝင် ပတ်သက် နေတာကို ဖုံးကွယ်ဖို့လည်း ကြိုးစားခဲ့ကြတယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှု ဆယ်နှစ်မြောက်တဲ့ အချိန်မှာ အခုလို အကြမ်းဖက်မှု တိုက်ဖျက်ရေး ပေါ်လစီတွေရဲ့ မှားယွင်းချက်တွေကို ပြန်လည် စဉ်းစား သုံးသပ်သင့်ပြီလို့ သူက ပြောပါတယ်။