လစ်ဗျား အရေး ပဲရစ် ညီလာခံ

  • 1 စက်တင်ဘာ 2011
libya paris ဓာတ်ပုံ မူပိုင် AP
Image caption လစ်ဗျား ညီလာခံ တက်လာတဲ့ ဗြိတိန် နဲ့ ပြင်သစ် က ခေါင်းဆောင်တွေ

နိုင်ငံပေါင်း ၆၀ ကျော်က ဝန်ကြီးတွေနဲ့ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေဟာ လစ်ဗျား အရေး ညီလာခံတခု ကို ပြင်သစ် နိုင်ငံ ပဲရစ်မြို့ မှာ ကြာသပတေးနေ့ က ကျင်းပ ခဲ့ ပါတယ်။

ဒီ ပဲရစ်မြို့ ညီလာခံဟာ လစ်ဗျား အရေး နဲ့ ပတ်သက်လို့ လောလောဆယ် နိုင်ငံပေါင်းစုံ ပါဝင်တဲ့ အကျယ်ပြန့်ဆုံး ညီလာခံကြီး လည်း ဖြစ် ပါတယ်။

ဒီညီလာခံ ကျင်းပရတဲ့ ရည်ရွယ်ချက် က ၂ချက် ရှိပါတယ်။

လစ်ဗျား နိုင်ငံ မှာ ခေါင်းဆောင်ပိုင်းသစ် ဖွဲ့စည်းနိုင်ရေး အားပေး ကူညီဖို့ နဲ့ လစ်ဗျားနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းရေး၊ ပြန်လည် တည်ဆောက်ရေး စီမံကိန်း တွေ အကြောင်း NTC ရဲ့ အစီရင်ခံ တင်ပြချက်ကို ကြားနာဖို့ ဖြစ် ပါတယ်။

လစ်ဗျား နိုင်ငံရေး မှာ ရှေ့လျှောက် လုပ်ရမဲ့ လုပ်ငန်းတွေက ကြီးမား ကျယ်ပြန့် လွန်းလှပြီး လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ကယ်ဆယ်ရေး ပြဿနာတွေကိုလည်း အရေးပေါ် ဖြေရှင်းဖို့ လိုအပ် နေပါတယ်။

လစ်ဗျားနိုင်ငံမှာ လုံခြုံရေးစနစ်ကို ပြန်လည် ထူထောင်ရမှာ ဖြစ်သလို စီးပွားရေး နဲ့ အထူး သဖြင့် ရေနံထုတ် လုပ်ငန်းကို ပြန်အခြေကျအောင် လုပ်ဖို့ လိုအပ် နေပါတယ်။

ဒါ့အပြင် လစ်ဗျားနိုင်ငံမှာ လာမဲ့ ၈လ တာ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင် ဖွဲ့စည်းနိုင်ရေး အတွက်လည်း အစီအစဉ် လုပ် နေရ ပါတယ်။

ပြင်သစ် သမ္မတ ဆာကိုးဇီးက အခုချိန်ဟာ လစ်ဗျား အာဏာရှင် ခေါင်းဆောင်ပိုင်းကို ပြည်ဖုံးကား ချပြီး ဒီမိုကရေစီ နည်းကျတဲ့ လစ်ဗျား နိုင်ငံ နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စာမျက်နှာ သစ် ဖွင့်ရမဲ့ အချိန် ဖြစ်တယ်လို့ ညီလာခံ မှာ ပြောသွား ပါတယ်။