စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး

  • 2 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆင်းဆင်းရဲရဲ အမှိုက်ကောက်စား ကြီးပြင်းရသူ

အိန္ဒိယ မြန်မာနယ်စပ် ကုန်သွယ်ရေး အချက်အချာ ဖြစ်တဲ့ တမူး နန့်ဖာလုံ ဈေးမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်အရ ငွေကြေးတတ်နိုင်သူတွေဆီက ငွေတွေကောက်ပြီး ဆင်းရဲသူတွေကို ချေးပေးမယ့်အစီအစဉ် စလုပ်နေပါတယ်။

ဒီလို ကောက်ခံတာတွေ အပြင် အစိုးရသစ် လက်ထက် နယ်စပ်ဂိတ်တွေက အကောက်ခွန် တင်းကြပ်တာတွေကြောင့် ဈေးသည်တွေ ခက်ခဲနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နန့်ဖာလုံ ဈေးအတွက် သိန်း ၅၀၀ ကောက်ခံရမယ်ဆိုတဲ့ လျာထားချက်ကြောင့် ဈေးကော်မတီက ငွေကြေးတတ်နိုင်တဲ့ ဈေးသည်တွေကို ခွဲတမ်းကျကောက်ခံဖို့ အကြောင်းကြားခဲ့လို့ ဈေးသည်တွေ စိတ်ညစ်နေရတဲ့အကြောင်း နန့်ဖာလုံဈေး ဆိုင်ပိုင်ရှင်တဦးက ဘီဘီစီကို ပြောပြပါတယ်။

ဆင်းရဲသား ပပျောက်ရေးဆိုတာ လုပ်တာက တဆိုင်ကို အထည်ဆိုင်ဆိုရင် ၃သိန်းခွဲသွင်းရမယ် ဆိုကာ သိန်း ၅၀၀ စုပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ သွားပို့ရမှာ ဖြစ်တဲ့ အကြောင်း ၊ ဒါက ခယကက ခိုင်းတာ ဖြစ်ပြီး ခယကဆီမှာ သွင်းရမယ် ၊ သွင်းပြီးပြီဆိုမှ ခယက ကနေမှ တဆင့် ချေးမယ့်သူတွေဆီကို ပြန်ပြီးတော့ ချေးပေးဖို့ ဖြစ်ပေမယ့် နမ့်ဖာလုံ က နမ့်ဖာလုံ အုပ်စု ဆိုပြီးတော့ သူတို့က သွားထည့်မှာ ဖြစ်တဲ့ အကြောင်း ၊ သိန်း ၅၀၀ က မထည့်မနေရ ဖြစ်ပြီး အတင်းအဓမ္မကြီး မဟုတ်ကြောင်း ၊ သူတို့က ငွေစုသလိုမျိုး လျာထားမယ်လို့ ပြောကြောင်း သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဈေးသည်တွေက စိတ်ညစ်နေကြပြီး အဲ့ဒါကိုပဲ ဒီဆင်းရဲမွဲတေမှု အစီအစဉ်မှာ အာဏာပိုင်တွေ ဦးဆောင်မှုနဲ့ ဆိုင်ရှင်တွေကနေ ငွေသုံးသိန်းကို သူတို့ လက်ထဲ ထည့်ပေးရမှာဖြစ်ပြီး ငွေရှင်တွေကို ငွေတရာ တကျပ်တိုး ပြန်ပေးမယ်လို့ ဆိုပါတယ်။

အဲဒီလို ကောက်ခံရတဲ့ ငွေတွေကနေ လိုအပ်နေတဲ့ ဆင်းရဲသားတွေကို ၂ကျပ်တိုး ပြန်ချေးမယ်လို့ ပြောပြီး ငွေရှင်တွေရဲ့ ငွေကိုတော့ ဘယ်အချိန် ပြန်ပေးမယ်လို့ မပြောဘူးလို့ ဈေးသည်တွေက ပြောပါတယ်။

ခုအစိုးရသစ် တက်လာမှ ငွေဈေးတွေ ကမောက်ကမ ဖြစ်နေတာအပြင် အခွန်အကောက်တွေ အရင်လောက် လျော့မပေးလို့ နယ်စပ်ကုန်သည်တွေ ဒုက္ခရောက်နေတဲ့အကြောင်း နောက်ထပ် ကုန်သည်တဦးပြောပြပါတယ်။

ဒါ့အပြင် လုပ်စားလို့ မကောင်းတော့ဘူး၊ ဂိတ်တွေကလည်း မတရားပိုက်ဆံတွေတောင်း၊ တောင်းပြီးရင် မကိုက်ဖူးတွေ ဘာတွေနဲ့ လုပ်နေတာ သူတို့က ဘာတွေ အရင်းအနှီးတွေ များရင်းထားလို့လဲ မသိဘူး လို့ ကုန်သည် တယောက်က ဆိုပါတယ်။

နယ်စပ် ကုန်သည်တွေ အနေနဲ့ မြန်မာဘက်က အကောက်ခွန်တွေကို ပေးရသလို အိန္ဒိယ ခွဲထွက်ရေး မဏိပူ သူပုန်တွေရဲ့ ဆက်ကြေးသဘော ကောက်ခံနေမှုတွေကြောင့် အဆင်မပြေ ကြဘူးလို့ ကုန်သည်တွေက ပြောကြပါတယ်။

အခု အကောင်အထည်ဖေါ်မယ့် ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်အတွက် ဒီလို ငွေကောက်နေတာကို ကျန်တဲ့ပြည်နယ်နဲ့တိုင်းတွေမှာ မကြားရဘဲ စစ်ကိုင်းတိုင်း တခုတည်းမှာ ကြားနေရတာပါ။

ပြီးခဲ့တဲ့ လကလည်း မုံရွာမြို့က ကုန်သည်၊ ပွဲစားများအသင်းမှာ အသင်း၀င် ကုန်သည်၊ ပွဲစားတိုင်း ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်အတွက် တယောက် ၃ သိန်းနှုန်း မထည့်မနေရ ကောက်ခံ ခဲ့သေးတယ်လို့ သိရပါတယ်။