ကဒါဖီတပ်ဖွဲ့တွေ လက်နက်ချရေး အချိန်တိုးပေး

  • 1 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption မြို့ခံလူကြီးတွေက ငြိမ်းချမ်းစွာ ဖြေရှင်းချင် တဲ့ပုံ ရှိတယ်လို့ NTC က ပြောပါတယ်

ကဒါဖီရဲ့ မွေးဇာတိဖြစ်တဲ့ ဆာ့တ်မြို့ကို သူပုန်တွေလက်ထဲ ငြိမ်းချမ်းစွာ လွှဲအပ်ပေး ရေးအတွက် မြို့ထဲမှာရှိတဲ့ လူမျိုးစု ခေါင်းဆောင်တွေကို ဒီကနေ့က စပြီး နောက်ထပ် တပတ် အချိန်တိုးပေးမယ်လို့ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ NTC က ဘီဘီစီကိုပြောပါတယ်။

ဒီမြို့ဟာ ကဒါဖီသစ္စာခံတွေရဲ့ နောက်ဆုံးကျန်ရှိ တဲ့ အဓိက ခံတပ်မြို့ ဖြစ်ပါတယ်။

ပထမတုန်းကတော့ ကဒါဖီတပ်ဖွဲ့တွေအနေနဲ့ လာမယ့် စနေနေ့ နောက်ဆုံးထား လက်နက်ချ ဖို့ NTC က ရာဇသံပေးထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို မဟုတ်ရင်တော့ NTC တပ်ဖွဲ့တွေက မီးကုန်ယမ်းကုန် ဝင်တိုက်မှာ ဖြစ်တယ်လို့ လည်း သတိပေးထားခဲ့တာပါ။

အခုအချိန်မှာတော့ ဆာ့တ်မြို့ထဲက လူတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုတယ် ဆိုတဲ့ အခြေအနေ လက္ခဏာတွေ တွေ့ရတဲ့ အပေါ် အခုလို အချိန်ထပ်တိုးပေးဖို့ စဉ်းစားတာ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် NTC အဖွဲ့ ကိုယ်စားလှယ် ဂူမာ အဲလ် ဂမာတီက ဘီဘီစီကို ပြောပြပါတယ်။

ဆာ့တ်မြို့က ခေါင်းဆောင်တွေအနေနဲ့ နောက်ထပ် ပုန်းခိုစရာ နေရာ မရှိတော့ဘူးဆိုတာ သိနေလောက်ပြီ ဖြစ်ပေမယ်လို့ ကဒါဖီတပ်တွေကိုတော့ နားမချနိုင်သေးဖူးလို့လည်း NTC အရာရှိက ပြောပါတယ်။