ကဒါဖီ ခြိမ်းခြောက်မှု ရှိနေသမျှ နေတိုးတပ်ဖွဲ့ ဆက်တိုက်မယ်

  • 2 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အသွင်ကူးပြောင်းရေး ကောင်စီ အကြီးအကဲတွေနဲ့ ပြင်သစ် သမ္မတတို့ အစည်းအဝေး အပြီး တွေ့ရပုံ

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကမ္ဘာ့ထိပ်တန်း နိုင်ငံပေါင်း ၆ဝ က ကိုယ်စားလှယ်တွေဟာ လစ်ဗျားက အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ NTC နဲ့ တွေ့ဆုံပြီး တိုင်းပြည် အနာဂတ် အရေးအတွက် ဆွေးနွေးခဲ့ ကြပါတယ်။

လစ်ဗျားမှာ ဖြစ်ပျက်နေတာတွေက ကျွန်မတို့တွေ အားလုံးကို စိတ်အား တက်ကြွ စေပါတယ် ၊ လွန်ခဲ့တဲ့ ခြောက်လတုန်းက လစ်ဗျား ပြည်သူတွေဟာ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ရဖို့ ကဒါဖီဆီမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပေမယ့် ငြင်းပယ်ခံ ခဲ့ရတာပါ ၊ အခု သူတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ မပြီးမြောက် သေးပေမယ့် တိုင်းပြည်က လစ်ဗျားလူထု လက်ထဲ ရောက်လာခဲ့ပါပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီရဲ့ ခြိမ်းခြောက်မှု ရှိနေသမျှ ကာလပတ်လုံး နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်းက စစ်ဆင် တိုက်ခိုက်မှုတွေနဲ့ ဆက်လက် အကူအညီ ပေးသွားမယ်လို့ တညီတညွတ်တည်း သဘောတူခဲ့ ကြကြောင်း ပြင်သစ် သမ္မတ ဆာကိုဇီက အစည်းအဝေး အပြီးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လစ်ဗျားရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားရာက ထုတ်သုံးခွင့်ပေးဖို့ ကိုလည်း နိုင်ငံအားလုံးက တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

NTC ဥက္ကဌ မူစတာဖာ အက်ဒဲလ် ဂျာလီ ကတော့ အခု လစ်ဗျားမှာ အမျိုးသား သင့်မြတ်ရေးနဲ့ ဥပဒေ လေးစား လိုက်နာရေး အတွက် ဆောင်ရွက်နေပြီလို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

အခုအချိန်မှာ အဓိက ဦးစားပေး လုပ်ဆောင်ရမှာက လစ်ဗျား ပြည်သူတွေကို ဆေးဝါး ၊ လောင်စာ စွမ်းအင် ၊ ရိက္ခာနဲ့ ရေ ထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ပြောကြားခဲ့ပါတယ်။

လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီ နောက်ဆုံး ခြေကုပ်ယူထားတဲ့ ဆာ့ထ်မြို့ကို ငြိမ်းချမ်းစွာ လွဲပြောင်းပေးနိုင်ဖို့် ရည်ရွယ်ပြီး အဲဒီက လူမျိုးစု ခေါင်းဆောင်တွေကို နောက်ထပ် သီတင်းတပတ် ထပ်ပြီး အချိန်ပေးမယ်လို့ အသွင်ကူးပြောင်းရေး ကောင်စီ ထိပ်တန်း အရာရှိတယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ကဒါဖီ အစိုးရရဲ့ ထိပ်တန်း အရာရှိ တော်တော်များများက လက်နက်ချနိုင်ဖို့ ဆွေးနွေးရအောင် သူတို့ဆီ ဆက်သွယ်လာတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် gadaffi
Image caption ရေရှည်စစ်ပွဲ ဆင်နွှဲသွားမယ်လို့ ပြောတဲ့ ကဒါဖီ

ဒါပေမယ့် ကဒါဖီရဲ့ အခုနောက်ဆုံး ထွက်လာတဲ့ အသံသွင်း ထားတဲ့ ထုတ်ပြန်ကြေညာချက် ထဲမှာ သူ့အခေါ်အရ လစ်ဗျားကို သိမ်းပိုက်နိုင်အောင် ပျောက်ကြား တိုက်ပွဲ ဆင်နွှဲရမယ်လို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။

Tripoli မြို့မှာ သူ့ကို ဆန့်ကျင်သူတွေ များလာပေမယ့် Sirte မြို့ဟာ အခုအခါ ခုခံရေး မြို့တော် ဖြစ်လာပြီလို့လည်း ပြောပါတယ်။

လစ်ဗျားနိုင်ငံ Tripoli မြို့ အရှေ့ဘက် al-Khums ဒေသမှာ အရပ်သား ၁၉ယောက်ကို သံကွန်တိန်နာပုံး တွေထဲမှာ ပိတ်လှောင် ထားတာကြောင့် သေဆုံးခဲ့ ရတဲ့ ဖြစ်ရပ်တခုကို လူ့အခွင့်အရေး အဖွဲ့ Amnesty International က ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

အသက်မသေဘဲ ကျန်ရစ်သူတွေရဲ့ ပြန်ပြောပြချက်အရ ကဒါဖီ တပ်ဖွဲ့တွေက သူတို့ကို နှိပ်စက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ ရှိတဲ့ ပြုတင်းပေါက်မပါတဲ့ ကွန်တိန်နာထဲမှာ လူအယောက် သုံးဆယ် နီးပါးကို ပြွတ်သိပ် အကျဉ်းချ ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇွန်လက ဖြစ်ခဲ့ပေမယ့် al-Khums မြို့ အသွင် ကူးပြောင်းရေး ကောင်စီလက်ထဲ ကျရောက်တဲ့ အခါကျမှ သိလာရတာ ဖြစ်ပါတယ်။