ကုလ အစီရင်ခံစာ နဲ့ တူရကီ အစ္စရေး ဆက်ဆံရေး

  • 3 စက်တင်ဘာ 2011
turkey ဓာတ်ပုံ မူပိုင် Reuters
Image caption တူရကီ နိုင်ငံခြားရေး ဝန်ကြီး က ကုလအစီရင်ခံစာ ကို လက်မခံ ကြောင်း ဆို

ကုလသမဂ္ဂ က အစီရင်ခံစာ တခု ပေါက် ထွက် လာပြီးတဲ့နောက် တူရကီ က အစ္စရေး နဲ့ သံတမန် ဆက်ဆံရေး အဆင့် ကို လျော့ချ လိုက်ပြီး အစ္စရေး သံအမတ် ကို နိုင်ငံ ကနေ နှင်ထုတ် လိုက် ပါတယ်။

ဂါဇာ လွတ်မြောက်ရေး ကို လိုလားကြပြီး ပိတ်ဆို့ ခံထားရတဲ့ ဂါဇာ က ပါလက်စတိုင်း ပြည်သူတွေ အတွက် ရိက္ခာ အကူအညီ တွေ သယ်ဆောင်လာတဲ့ သင်္ဘော အစု အဖွဲ့ ကို ၂၀၁၀ မေလ မှာ အစ္စရေး ရေတပ် က တပ်ဖွဲ့ဝင် တွေ ဝင်စီး ခဲ့ကြပြီး ဒီ အဖြစ်မှာ အကူအညီ ပေးရေး အဖွဲ့ တွေထဲ က တူရကီ နိုင်ငံသား ၉ ဦး သေဆုံး ခဲ့ ပါတယ်။

ဒီ အဖြစ် နောက်ပိုင်း က တည်း က တူရကီ နဲ့ အစ္စရေး ရဲ့ ဆက်ဆံရေး က ယိုယွင်းလာခဲ့တာ ပါ။

တူရကီ က ဒီအဖြစ်မှာ အစ္စရေး က အလွန်အကျွံ အင်အားသုံးတယ် လို့ သတ်မှတ်ပြီး အစ္စရေး ရဲ့ တရားဝင် တောင်းပန်မှု ကို လိုချင်ပါတယ်။

ဒီလို အဖြစ် ဖြစ်လာမလား လို့ ကုလသမဂ္ဂ ဘက် ကလည်း သူတို့ ရဲ့ တွေ့ရှိချက် အစီရင်ခံစာ ထုတ်ဘို့ ၃ ကြိမ် ရွှေ့ဆိုင်းခဲ့ ပါတယ်၊ ဒါပေမယ့် ဖြစ်မလာ ပါဘူး။

အခု လူတွေကြားထဲ ပေါက်ထွက်လာတဲ့ ကုလသမဂ္ဂ အစီရင်ခံစာ မှာ တော့ အစ္စရေး အနေနဲ့ အလွန်အကျွံ အင်အားသုံးခဲ့တာ ကို ရေးသား ထားပေမယ့် အစ္စရေး စစ်သား တွေ အနေနဲ့ ဂါဇာ ကို လက်နက် တွေ ပို့ ရင် ရပ်တန့် ဘို့ အတွက် တားဆီးနိုင်ခွင့် က တရားဝင် ရှိတယ်၊ နောက် အစ္စရေး စစ်သား တွေ အနေနဲ့ သူတို့ ကို တိုက်ခိုက် လာရင် သူတို့ကိုယ် သူတို့ ပြန် ကာကွယ် ပိုင်ခွင့် ရှိတယ် လို့ ရေးထား ပါတယ်။

တူရကီ ဘက် ကတော့ ဒီ အစီရင် ခံစာ ကို ပယ်ချ လိုက် ပါတယ်။

နောက် သံတမန် ရေးဆိုင်ရာ အရေးယူမှု တွေကို ဆက်တိုက်ဆို သလို ကြေညာ လိုက် ပါတယ်။

တူရကီ ရဲ့ နိုင်ငံခြားရေး ဝန်ကြီး အာမက် ဒါဗူတိုလူ က တူရကီ အစ္စရေး သံတမန် ဆက်ဆံရေး ကို အဆင့်နှိမ့်လိုက်ပြီ၊ ဒုတိယ အတွင်းဝန် အဆင့် အထိ ပဲ ဆက်ဆံ မယ့် အထိ လုပ်လိုက် ပါပြီ၊ အစ္စရေး သံအမတ် နဲ့ ပထမ အတွင်းဝန် ကို နိုင်ငံ ကနေ ဗုဒ္ဓဟူးနေ့ နောက်ဆုံး ထား ထွက်ခွာ ဖို့ ပြောလိုက်ပြီ လို့ ဆိုခဲ့ ပါတယ်။

နောက် ၂ နိုင်ငံကြား စစ်ရေး ဆိုင်ရာ သဘောတူညီမှု တွေ ကို လည်း ရပ်ဆိုင်းလိုက်ပြီ လို့ လည်း သူ က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ရေယာဉ်တန်း ကို အစ္စရေး တပ် ဝင်စီးစဉ်

အစ္စရေး ဘက် က ထုတ်ပြန် တဲ့ သဘောထား ကြေညာချက် မှာ တော့ ကုလသမဂ္ဂ အစီရင်ခံစာ ထဲမှာ ရေးသား ထားသလို အစ္စရေး အနေ နဲ့ အသက် ဆုံးရှုံး ရမှု တွေ အတွက် စိတ်မကောင်း ဖြစ်ရတယ်၊ ဒါပေမယ့် အစ္စရေး စစ်သား တွေ သူ့တို့ ကိုယ် ကို သူတို့ ကာကွယ် တဲ့ ကိစ္စ ဖြစ် တာကြောင့် တောင်းပန်တာ ကို မလုပ် နိုင်ဘူး လို့ ပဲ ရေးထား ပါတယ်။

ဒီ အဖြစ် ဖြစ်စဉ်မှာ သင်္ဘောပေါ် ပါလာ တဲ့ ဂါဇာ အရေး လှုပ်ရှား တက်ကြွသူတွေ က တုတ်တွေ ဓားတွေနဲ့ စတိုက်ခိုက် လို့ အစ္စရေး စစ်သား တွေ က ပစ်ခတ်တာ လို့ ဆို ပေမယ့် တူရကီ ဘက်က တော့ အစ္စရေး စစ်သား တွေ ပစ်ခတ် လို့ သင်္ဘော ပေါ်ပါလာသူတွေ က ပြန် ခုခံ တိုက်ခိုက်တာ လို့ မြင်ထားပါတယ်။

အသတ်ခံရတဲ့ သူတွေ နောက်ကျော ဖက် က နေ အပစ်ခံရတာ အနီးကပ် ပစ်သတ် ခံရတာ တွေ လည်း သူတို့ က ထောက်ပြထား ပါတယ်။

၂၀၀၇ ခုနှစ် မှာ ဂါဇာ ကို ဟာမတ်စ် တို့ ထိန်းချုပ် နိုင်ကတည်း က အစ္စရေး ကဂါဇာ ကို ပတ်ဆို့ ထားတာ ဖြစ်ပြီး အရင် က အစ္စရေး နဲ့ သံတမန် ဆက်ဆံရေး ကောင်း ခဲ့တဲ့ တူရကီ က အဲဒီလို ဂါဇာ ကို ပတ်ဆို့မှု ကို လက်မခံပါဘူး။

အခုတော့ သံတမန် အဆင့်လျော့ချတဲ့ အထိ နိုင်ငံရေး အငြင်းပွား မှု က တက်လာပါပြီ။

တူရ ကီ နဲ့ အစ္စရေး ၂ ဖက် ဒီအရေး နဲ့ ပတ်သက်ပြီး ပြေလည်နိုင်မယ့် နည်းလမ်း မကြာခင် ပေါ်လာ လိမ့်မယ် ဆိုတဲ့ လက္ခဏာ လည်း မတွေ့ရ သေး ကြောင်းပါ။