ဆီးရီးယားအပေါ် အီးယူပိတ်ဆို့မှု ရုရှားရှုတ်ချ

  • 3 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ပေးနေကို ဖျက်ဆီးပစ်သလို ဖြစ်စေလိမ့်မယ်

အီးယူ ဥရောပသမဂ္ဂက ဆီးရီးယားနိုင်ငံရဲ့ ရေနံတင်သွင်းမှုတွေကို ပိတ်ပင်လိုက်ပြီ ဖြစ်တဲ့အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရို့ဗ်က ပိတ်ဆို့အရေးယူမှု အပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဆီးရီးယားအစိုးရက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာကြောင့် ဆီးရီးယားနိုင်ငံ အပေါ် ပိုမိုတင်းကျပ်တဲ့ ပိတ်ဆို့မှုတွေလုပ်ဖို့ ဥရောပသမဂ္ဂ အစိုးရတွေ အနေနဲ့ မနေ့က သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဆီးရီယားကနေ အီးယူကိုတင်ပို့နေတဲ့ ရေနံတင်သွင်းမှုအားလုံးကို ပိတ်ပင်ဖို့ အီးယူက ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် နိုဝင်ဘာလ မတိုင်ခင်အထိတော့ လက်ရှိစာချုပ်တွေ အတိုင်း ဆက်သွားမှာ ဖြစ်ပါတယ်။

အခုလို ပိတ်ဆို့မှုဟာ ဆီးရီးယားအကျပ်အတည်းအပေါ် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက် နေမှုတွေကို ဖျက်ဆီးပစ်သလို ဖြစ်စေလိမ့်မယ်လို မစ္စတာ လက်ဗ်ရို့ဗ် က ပြောပါတယ်။

အီးယူး နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်ကတော့ ဆီးရီးယား နိုင်ငံမှာ သွေးထွက်သံယို ဖြစ်နေမှုတွေ အဆုံးသတ် နိုင်စေရေးအတွက်ကို အီးယူက လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

သွေးထွက်သံယိုဖြစ်မှုတွေ အဆုံးသတ်ပြီး၊ ဆီးရီးယားပြည်သူတွေ အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ် နိုင်တဲ့ ဆန္ဒတွေ အောင်မြင်လာစေရေးအတွက် နိုင်ငံရေးရလဒ်တွေ ပေါ်ထွန်းလာအောင် စီးပွားရေးအရ ဖိအားပေးတာဖြစ်တယ်လို့ ကက်သရင်းအက်ရှ်တန်က ပြောကြားသွားပါ တယ်။