လေညစ်ညမ်း အစီအမံကနေ အိုဘားမား နောက်ဆုတ်

  • 3 စက်တင်ဘာ 2011
Obama
Image caption အမေရိကန် စီးပွားရေးကို ဝန်ပိစေမဲ့ အစီအမံတွေကို ရှောင်မယ်လို့ အိုဘားမားပြော

အမေရိကန် နိုင်ငံမှာ လေထု ညစ်ညမ်းမှု ဖြစ်စေတဲ့ လုပ်ရပ်တွေကို တင်းကြပ်ဖို့ အဆိုပြုချက်တွေကို သမ္မတ အိုဘားမားက စွန့်လွှတ် လိုက်ပါတယ်။

အမေရိကန် စီးပွားရေးကို ဝန်ပိစေမယ့် ဥပဒေ စည်းကမ်း တချို့ကို ဖယ်ရှားဖို့ သူ့အစိုးရက ကြိုးစားနေတာမို့ ခုလို စွန့်လွှတ်တာ ဖြစ်တယ် လို့ အိုဘားမားက ရှင်းပြခဲ့ပါတယ်။

စီးပွားရေး ကုမ္ပဏီတွေက အိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆို လိုက်ပေမယ့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး တက်ကြွ လှုပ်ရှားသူတွေက အိုဘားမားဟာ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင် လုပ်သူတွေကို အလျှော့ပေးနေတယ်လို့ စွပ်စွဲ ခဲ့ပါတယ်။

တရက်ထဲမှာ အမေရိကန် စီးပွားရေး ကျဆင်းနေတာကို ညွှန်ပြနေတဲ့ အထောက်အထား သစ်တွေ မနေ့က ထွက်လာပြီးနောက် နယူးယောက်နဲ့ ဥရောပက အစု ရှယ်ယာ စျေးတွေမှာ ရှယ်ယာစျေးတွေ ထိုးကျခဲ့ပါတယ်။

ပြီးခဲ့တဲ့ လက အမေရိကန်မှာ အလုပ်အကိုင်သစ် ဖန်တီးနိုင်မှု လုံးဝ ရပ်သွားတာကို ပြနေပြီး အလုပ်လက်မဲ့ ရာခိုင်နှုန်းဟာ ကိုးရာခိုင်နှုန်းကျော် ရှိပါတယ်။

မနေ့က ထွက်လာတဲ့ အလုပ်လက်မဲ့နဲ့ ဆိုင်တဲ့ ကိန်းဂဏန်းတွေက အမေရိကန် စီးပွားရေး ဟာ ပြန်ဆုတ်ယုတ်မယ့် ဖြစ်နိုင်ချေ ပိုများလာတာကို ပြနေတယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က ပြောပါတယ်။

အမေရိကန်မှာ အလုပ်လက်မဲ့ ကိစ္စဟာ အဓိက နိုင်ငံရေး ကိစ္စ ဖြစ်နေပါတယ်။