လစ်ဗျားသူပုန်တွေ ဘန်နီဝလိမြို့ကို ချီတက်ပြီ

  • 4 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption သူပုန်တွေဟာ စစ်မျက်နှာ သုံးခုကနေ မြို့ကို ချီတက် လာနေကြတာ ဖြစ်ပါတယ်

လစ်ဗျားနိုင်ငံက သူပုန်တိုက်ခိုက်ရေးသမား တွေဟာ ကန္တာရမြို့ဖြစ်တဲ့ ဘန်နီဝလိမြို့ဆီ ကို ဦးတည် ချီတက်လာနေရာ မြို့နဲ့ ကီလို မီတာ အနည်းငယ်သာ ဝေးတဲ့ နေရာကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

ဒီမြို့ဟာ ကဒါဖီ သစ္စာခံတပ်တွေရဲ့ နောက်ဆုံး ကျန်ရှိနေသေးတဲ့ အမာခံ မြို့တွေထဲက တမြို့ ဖြစ်ပါတယ်။

အဲဒီမြို့မှာရှိတဲ့ ကဒါဖီတပ်တွေအနေနဲ့ လက်နက်မချခဲ့ရင်တော့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရမယ်ဆိုတဲ့ ရာဇသံပေးပြီးနောက် သူပုန်တွေက အခုလို စစ်ချီလာတာ ဖြစ်ပါတယ်။

ကဒါဖီတပ်တွေအနေနဲ့ကတော့ ရာဇသံကို ပယ်ချမယ်ဆိုတာ ရှင်းနေတယ်လို့ သူပုန်တပ်မှူး တဦးက ပြောပါတယ်။

ရာဇသံပေးထားတဲ့ နောက်ဆုံးအချိန် ပြီးတာနဲ့ စေ့စပ်ဆွေးနွေမှုတွေ စ လုပ်ရမှာဖြစ်ကြောင်း အခုတော့ ကဒါဖီတပ်တွေဟာ ပေးထားတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး အခိုင်အမာ စစ်ပြင် နေကြတယ်လို့ အဲဒီတပ်မှူးက ပြောကြားသွားပါတယ်။

ရာနဲ့ချီတဲ့ သူပုန်တိုက်ခိုက်ရေးသမားတွေဟာ ထရပ်ကားတွေပေါ်မှာ လက်နက်ကြီးတွေ တပ်ဆင်ကာ စစ်မျက်နှာ သုံးခုဖွင့်ပြီး မြို့ကို ချီတက်လာနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ်လို့ မီးကုန်ယမ်းကုန် ဝင်တိုက်ဖို့အတွက် သူပုန်တွေကို အမိန့်ပေးထား ပြီလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ဘန်နီဝလိ မြို့အပြင်ကနေ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ပါတယ်။

ကဒါဖီမိသားစုဝင်တွေ ထရီပိုလီကနေ ထွက်ပြေးတုန်းက ဒီ ဘန်နီဝလိမြို့ကို ဖြတ်ပြီး ထွက်ပြေး လွတ်မြောက်သွားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဒီမြို့ထဲမှာ တချို့သူတွေ ပုန်းအောင်းနေနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေ ပါတယ်။