လစ်ဗျား ဗြိတိန် ထောက်လှမ်းရေး ကိစ္စ စုံစမ်းရေး ကော်မရှင်က အဖြေထုတ်မယ်

  • 6 စက်တင်ဘာ 2011
Image caption ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်

ဗြိတိန်နဲ့ လစ်ဗျား ထောက်လှမ်းရေး အဖွဲ့တွေ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေကို သီးခြား လွတ်လပ်တဲ့ ကော်မရှင် တရပ်က ခြေခြေမြစ်မြစ် စုံစမ်း စစ်ဆေး ဖော်ထုတ် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။

စုံစမ်းရေး ကော်မရှင် အဖွဲ့အနေနဲ့ မသမာမှုတွေကို ဖော်ထုတ်ပြီး ဗြိတိန်ရဲ့ ဂုဏ်သိက္ခာ အစွန်းအထင်း ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပစ်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ထရစ်ပိုလီမြို့မှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေ အရ ၂ဝဝ၄ ခုနှစ်တုန်းက မေးမြန်း စစ်ဆေးဖို့ အကြမ်းဖက်မှုနဲ့ သင်္ကာမကင်း ဖြစ်ခံရသူကို ဗြိတိန်က လစ်ဗျားကို လွှဲပေးခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဗြိတိန် အနေနဲ့ တခြားသူတွေရဲ့ မရိုးမသား လုပ်ရပ်မှာ ကြံရာပါ ဖြစ်နေသလား ၊ ပြည်ပမှာ အကြမ်းဖက်သမားလို့ သံသယ ရှိသူတွေကို ညှင်းပမ်း နှိပ်စက်မှုမှာ ပါဝင် ပတ်သက် နေသလား ဆိုတာကို ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

လစ်ဗျားမှာ အခုနှစ်အတွင်း ဒီမိုကရေစီ တော်လှန်ရေး ဖြစ်တဲ့ အချိန်အထိ ဗြိတိန်က ထောက်လှမ်းရေး အဖွဲ့ MI6 က လစ်ဗျား အစိုးရနဲ့ ပေါင်းပြီး စုံစမ်း ထောက်လှမ်းရေး လုပ်ဆောင်ခဲ့ တယ်လို့ ဗိုလ်မှူးကြီး ကဒါဖီ လက်ထက်တုန်းက နိုင်ငံခြားရေး ဝန်ကြီးဟောင်း Abdelati Obeidi က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဗြိတိန်က ထောက်လှမ်းရေး အဖွဲ့နဲ့ လစ်ဗျားက အဖွဲ့တွေဟာ အရင် ထောက်လှမ်းရေး အကြီးအကဲဟောင်း မူဆာကူဆာ လက်ထက်တုန်း ကလောက် မကြာသေးခင် ကာလတွေမှာ နီးနီးစပ်စပ် သိတ် မရှိကြ တော့ဘူးလို့ အခု ဖမ်းဆီးခံ နေရတဲ့ မစ္စတာ အိုဘိုင်းဒီက ပြောပါတယ်။

ဗြိတိန်က ထောက်လှမ်းရေး အဖွဲ့တွေက လစ်ဗျားကို သတင်း အချက်အလက်တွေ မျှဝေခဲ့တယ် ဆိုတဲ့ ဒီစွပ်စွဲချက်တွေဟာ အခု အတိုက်အခံ ပါတီဖြစ်တဲ့ အရင် အစိုးရ လက်ထက် တုန်းက ပတ်သက် ခဲ့တာတွေ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ စနေနေ့တုန်းက ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်က ဆိုပါတယ်။