ဗြိတိန် ထောက်လှမ်းရေး နဲ့ ကဒါဖီ ဆက်နွယ်မှု စစ်ဆေးမယ်

  • 5 စက်တင်ဘာ 2011
MI6
Image caption ဗြိတိသျှ ထောက်လှမ်းရေး ရုံး MI6

ဗြိတိန် နိုင်ငံဟာ အကြမ်း ဖက်မှုနဲ့ သင်္ကာ မကင်း ခံရသူ တွေကို ညှဉ်းပန်း နှိပ်စက်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှု ပြုလုပ်နေတဲ့ အဖွဲ့က ဗြိတိသျှ ထောက်လှမ်းရေး နဲ့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ လုံခြုံရေး တပ်ဖွဲ့ကြားမှာ အနီးကပ် ဆက်ဆံရေး ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် အသစ်တွေကို စုံစမ်း စစ်ဆေးမယ်လို့ ပြော ပါတယ်။

မကြားသေးခင်က ထရီပိုလီ မြို့တော်မှာ လူ့ အခွင့် အရေး အဖွဲ့ တစ်ခုက တွေ့ရှိခဲ့တဲ့ စာရွက် စာတမ်း တွေကို လေ့လာမယ်လို့ အဲဒီ စုံစမ်းရေး အဖွဲ့က ပြောပါတယ်။

ထရီပိုလီ မြို့တော်မှာ တွေ့ခဲ့ ရတဲ့ စာရွက်တွေ ထဲမှာ အကြမ်းဖက်မှုနဲ့ မသင်္ကာသူကို စစ်ဆေး မေးမြန်းဖို့ လစ်ဗျား နိုင်ငံဆီ လွှဲပြောင်း ပေးရေးမှာ ဗြိတိန် နိုင်ငံက ကူညီ ခဲ့တယ် ဆိုတာ ပြသနေတယ်လို့ စွပ်စွဲ နေကြ တာ ဖြစ်ပါတယ်။

အဲဒီ သူက အခု သူပုန် တပ်မှူးကြီး တစ်ယောက် ဖြစ်နေပြီး ညှဉ်းပန်း နှိပ်စက် ခံခဲ့ ရတယ်လို့ သူက ပြောပါတယ်။

အခု စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ ဗြိတိသျှ ထောက်လှမ်းရေး MI6 အနေနဲ့ လူသိ ရှင်ကြား ကာကွယ် ပြောဆိုတာမျိုး ပြုလုပ်မယ့် ပုံ မရှိဘူးလို့ ဘီဘီစီ သတင်းထောက် ဖရန့် ဂါဒနာ က သုံးသပ် ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ရုံးကတော့ အခု စွပ်စွဲ ပြောဆိုချက်တွေမှာ MI6 နဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်း အတာ အထိ ဖော်ပြထားတယ် ဆိုတာ အသေ အချာ မသိရပေမဲ့ MI6 ရဲ့ ဆောင်ရွက် ချက်ဟာ ဗြိတိသျှ နိုင်ငံသား တွေကို အကြမ်း ဖက်မှုကနေ အကာအကွယ် ပေးဖို့ ဖြစ်ပြီး အဲဒီလို အကာအကွယ် ပေးနိုင်ဖို့ ကမ္ဘာ့ နိုင်ငံ တွေနဲ့ ဆက်သွယ် ဆောင်ရွက် နေတယ်လို့ ပြောခဲ့ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Jack Straw ကတော့ လစ်ဗျားနဲ့ ပတ်သက်တဲ့ ဒီလို အမှုမျိုး ရှိခဲ့တာ သူ မသိခဲ့ဘူးလို့ ပြောပါတယ်။