အမေရိကန်တွေ အလုပ်အကိုင်သစ် ရဖို့ အိုဘားမား ကြိုးစား

  • 6 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ddddddddddd

အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး ပြန်အားကောင်း လာစေမယ့် သူ့အစီအစဉ်တွေ အပေါ် အတိုက်အခံ ရီပါ့ဘလစ်ကန် ပါတီက ထောက်ခံပေးပါလို့ လာမယ့် ကြာသပတေး နေ့မှာ ကွန်ဂရက်ကို အရေးပါတဲ့ မိန့်ခွန်း မပြောမီ သမ္မတ အိုဘားမားက ပန်ကြားလိုက် ပါတယ်။

အဓိက ကျတဲ့ လမ်း တံတားတွေ ပြန်လည် တည်ဆောက်ဖို့ အပါအဝင် အမေရိကန် ပြည်သူတွေ အလုပ်အကိုင်ရ စေဖို့ အစီအစဉ်တွေကို ကြေညာလိမ့်မယ်လို့ မစ္စတာ အိုဘားမားက ဒက်ထရိုက်မြို့က အလုပ်သမားနေ့ လူထု အစည်းအဝေးပွဲမှာ ပြောကြား ခဲ့ပါတယ်။

ရီပါ ဘလစ်ကန်တွေ အနေနဲ့ ပါတီ အရေးထက် တိုင်းပြည် ကောင်းစားဖို့ကို ရှေ့ရှု ဆောင်ရွက်ပြီး သူ့ကို ထောက်ခံဖို့ မစ္စတာ အိုဘားမားက စိန်ခေါ် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်း ကတော့ အမေရိကန် အလုပ်အကိုင် ရရှိမှုနှုန်း တိုးတက်မှု မရှိတာကို အသစ် ထွက်လာတဲ့ စာရင်း ဇယားတွေမှာ ဖော်ပြနေတာကြောင့် တိုင်းပြည်ဟာ စီးပွားရေး ပျက်ကပ်ထဲ ပြန်ကျ နိုင်တယ် ဆိုပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

တချိန်တည်းမှာ ဥရောပ တလွှားမှာ အစုရှယ်ယာစျေးတွေ သိသိသာသာ ကျဆင်းသွားပြီး ဘဏ်တွေဟာ အကြီးအကျယ် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

ယူရို ငွေကြေးသုံး နိုင်ငံတချို့မှာ အစိုးရတွေက ကြွေးမြီ ပြဿနာတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ စိုးရိမ်ပူပန်နေတာကြောင့် လန်ဒန် ၊ ပါရီနဲ့ ဖရန့်ဖတ် မြို့တွေမှာ အစုရှယ်ယာ စျေးတွေ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ စီးပွားရေး နှေးကွေးနေတဲ့ အပေါ် စိုးရိမ်မှုတွေ ကြီးထွားလာနေတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက နယူးယောက်မြို့မှာ အစု ရှယ်ယာစျေးတွေ တရိပ်ရိပ် ကျနေခဲ့တာ ဖြစ်ပါတယ်။

မနေ့က တင်္နလာနေ့ ကတော့ အမေရိကန် ပြည်ထောင်စုမှာ အစိုးရ ရုံးပိတ်ရက် ဖြစ်လို့ ငွေကြေးစျေးကွက် ပိတ်ထားပေမယ့် ဒီနေ့ အင်္ဂါနေ့မှာ ပြန်ဖွင့်မှာ ဖြစ်ပါတယ်။