Bakina Faso ကဒါဖီကို ခိုလှုံခွင့် မပေးဘူးလို့ ထုတ်ပြန်

  • 7 စက်တင်ဘာ 2011
Image caption ကဒါဖီ မျက်နှာပုံ ရုပ်ထုကို တက်နင်း ကြပြီ

လစ်ဗျားက သဲကန္တာရကို ဖြတ်ကျော်ကာ အာဖရိက တိုင်းပြည်တခု ဖြစ်တဲ့ Niger နိုင်ငံထဲကို လက်နက်ကြီးတွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ် အစင်း ငါးဆယ်လောက် ပါတဲ့ လစ်ဗျားဖက်က ယာဉ်တန်း ဖြတ်မောင်းသွားတယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ အစိုးရ အဖွဲ့ထဲက ထိပ်တန်း အရာရှိကြီး တချို့ အဲဒီ မော်တော်ယာဉ် တန်းထဲမှာ ပါသွားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ အမျိုးသမီးက ဆိုပေမယ့် အဲဒီ အထဲမှာ ဗိုလ်မှူးကြီး ကဒါဖီ ကိုယ်တိုင်တော့ ပါမသွားဘူးလို့ အမေရိကန် တို့က ယူဆခဲ့ကြပါတယ်။

နီဂျဲနိုင်ငံက သက်ဆိုင်ရာ အရာရှိတွေ အနေနဲ့ တရားဥပဒေကြောင်း အရ အရေးယူခံ ရမယ့် သူတွေကို ဖမ်းဆီး ထားသင့်ပြီး အဲဒီ မော်တော်ယာဉ်တန်းထဲမှာ ငွေတွေ အဖိုးတန် ရတနာတွေ သယ်သွားတာ တွေ့ရင် သိမ်းယူထားဖို့ အမေရိကန်က အပြင်းအထန် တိုက်တွန်းခဲ့တယ်လို့ အဲဒီ ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ဆိုပါတယ်။

Image caption လစ်ဗျား အနီးတဝိုက် တိုင်းပြည်ပြ မြေပုံ

ဗိုလ်မှူးကြီး ကဒါဖီကို နိုင်ငံရေး ခိုလှုံခွင့် ပေးမှာ မဟုတ်ဘူးလို့ ဘာကီနာဖာဆိုရဲ့ ပြန်ကြားရေး ဝန်ကြီး Alain Edouard Traore က ဆိုပြီး မစ္စတာ ကဒါဖီ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ မရှိဘူး ဆိုတာ အသေအချာ ပြောနိုင်ပါတယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

သူတို့နိုင်ငံဟာ ICC အပြည်ပြည် ဆိုင်ရာ ရာဇဝတ် တရားရုံး အဖွဲ့ဝင်ဖြစ်ပြီး အိုင်စီစီရဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လစ်ဗျားက လက်နက်ကြီးတွေ အပြည့် တင်ထားတဲ့ မော်တော်ယာဉ်တန်းဟာ နီဂျဲ နိုင်ငံကို ဖြတ်ကျော်ပြီး Burkina Faso ဘာကီနာ ဖာဆိုကို ရောက်လာနိုင်တယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေ ပေါ်ထွက်ခဲ့ ပြီးတဲ့နောက် ဘာကီနာ ဖာဆိုက အခုလို သတင်း ထုတ်ပြန်လိုက်တာပါ။

အစောပိုင်းတုန်ကတော့ ဗိုလ်မှူးကြီး ကဒါဖီကို ဘာကီနာ ဖာဆိုက နိုင်ငံရေး ခိုလှုံခွင့် ပေးနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။