လစ်ဗျားစစ်ယာဉ်တန်း နီဂျဲနိုင်ငံထဲ ဝင်ရောက်

  • 6 စက်တင်ဘာ 2011
Image caption ဘူကီနာဖက်ဆို နိုင်ငံက ကဒါဖီကို ခိုလှုံခွင့် ပေးမယ်လို့ ကမ်းလှမ်းပြီးသား ဖြစ်ပါတယ်

လစ်ဗျားနိုင်ငံက လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ယာဉ်တန်းကြီးဟာ နီဂျဲနယ်စပ် ကန္တာရကို ကျော်ဖြတ်ပြီး နောက် အခုတော့ နီဂျဲ နိုင်ငံထဲကို ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။

နီဂျဲနိုင်ငံထဲက Agadez မြို့ကို ဝင်ရောက်သွားတဲ့ ယာဉ်တန်းမှာ ကားစင်းရေ ၂၀၀ နဲ့ ၂၅၀ ကြားလောက် ပါဝင်တယ်လို့ မျက်မြင်သက်သေ တွေက ဆိုပါတယ်။ အဲဒီထဲက ၆၀ လောက်ဟာ လစ်ဗျားဘက်က ဖြစ်ပြီး ကျန်တဲ့ကားတွေ ကတော့ နီဂျဲစစ်တပ်ကလို့ Agadez မြို့ကလာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီကားတွေပေါ်မှာ ဗိုလ်မှူးကြီးကဒါဖီ စည်းရုံးသိမ်းသွင်းထားတဲ့ Tuareg လူမျိုးစု ဝင်တိုက်ခိုက်ရေးသမားတွေ အဓိကပါသွားတယ်လို့ယုံကြည်ရပါတယ်။ မာလီနဲ့ နီဂျဲနိုင်ငံတွေမှာ သူပုန် တွေဖြစ်ခဲ့ကြတဲ့ Tuareg လူမျိုးစုတွေကို လစ်ဗျားမှာ ခေါ်ပြီး လေ့ကျင့် သင်တန်းပေးတာတွေ လုပ်ခဲ့ ဘူးပါတယ်။

ဗိုလ်မှူးကြီးကဒါဖီကိုယ်တိုင် အဲဒီကားတွေနဲ့ အတူလိုက်ပါသွားသလားဆိုတာတော့ မသိရပါဘူး။ ကဒါဖီရဲ့ပြောခွင့်ရသူ မိုဆာ အီဗရာဟင်မ်ကတော့ ဗိုလ်မှူးကြီးကဒါဖီ ဟာ လစ်ဗျားနိုင်ငံထဲမှာဘဲ ရှိနေတယ်လို့ အခိုင်အမာ ပြောနေပါတယ်။

စောစောပိုင်းမှာတုန်းက လစ်ဗျားရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘူကီနာဖာဆိုနိုင်ငံကလည်း ကဒါဖီကို ခိုလှုံခွင့်ပေးမယ် လို့ကမ်းလှမ်း ထားခဲ့ပါတယ်။

လစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီ NTC ကတော့ ဒီကားတွေဟာ ရွှေငွေတွေကို တင်ဆောင်ပြီး ကဒါဖီတပ်တွေ ထိမ်းချုပ်ထားတဲ့ Jufra မြို့ကနေ ထွက်ခွာသွားတာလို့ ဆိုပါတယ်။

တကယ်လို့ နီဂျဲမှာ ကဒါဖီကို လက်ခံထားမယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်လို့လည်း NTC က ပြောနေပါတယ်။ ကဒါဖီရဲ့ဇနီးနဲ့ သားနှစ်ဦးဟာ လည်း အယ်လ်ဂျီးရီးယားနိုင်ငံကို ထွက်ပြေးခိုလှုံသွားခဲ့ ပြီဖြစ်ပါတယ်။

အခုလိုရာနဲ့ချီတဲ့ ယာဉ်တန်းရှည်ကြီးဟာ သဲကန္တာရကို ဖြတ်မောင်းပြီး လစ်ဗျားကနေ ထွက်သွားတာကို လေကြောင်းက နေတိုက်ခိုက်မှုတွေ လုပ်နေတဲ့ နေတိုးမြောက် အတ္တလန္တိတ် စာချုပ်အဖွဲ့က မသိဘဲမနေဘူးလို့ ဘီဘီစီ သတင်းထောက် Jon Leyne ကဆိုပါတယ်။ နေတိုးအဖွဲ့ကတော့ ဒါကိုတစုံတရာ မှတ်ချက်မပေးပါဘူး။

ဒါပေမယ့် နေတိုးရဲ့တာဝန်ဟာ အရပ်သားတွေကိုကာကွယ်ဖို့သာဖြစ်ပြီး ထွက်ပြေးတဲ့သူတွေ ကို လိုက်ရှာဖို့ မဟုတ်ဘူးဆိုပြီး နေတိုးတပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး Roland Lavoie က ဆိုပါ တယ်။

ဒီအတောအတွင်း လစ်ဗျားမှာ ဗိုလ်မှူးကြီးကဒါဖီတပ်တွေ ဆက်ထိမ်းချုပ်ထားတဲ့ မြို့လေးမြို့ ထဲက Bani Walid ကို ဝင်တိုက်ဖို့ NTC တပ်တွေ စုရုံးရောက်ရှိနေပါတယ်။ ဒီမြို့အပြင် Jufra, Sabah နဲ့ ကဒါဖီရဲ့ ဇာတိ Sirte မြို့တွေကို ကဒါဖီတပ်တွေက ဆက်ထိန်း ချုပ်ထားဆဲ ဖြစ်ပါတယ်။