မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပြင် ပိုင်နက် အငြင်းပွားမှု ကြားနာ စစ်ဆေး

  • 9 စက်တင်ဘာ 2011
bangladesh map
Image caption ၂ နိုင်ငံကြား ရေပြင်ပိုင်နက် အငြင်းပွားနေ

မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ ပင်လယ် ပြင် နယ်နမိတ် ပိုင်ဆိုင်မှု အငြင်းပွား နေတဲ့ အမှုကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က ပင်လယ် ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံတကာ ခုံရုံး မှာ သက်ဆိုင်ရာ နိုင်ငံတွေ က ကြာသ ပတေး နေ့မှာ နှုတ် ထွက် လျှောက်လဲမှု စတင် ပြုလုပ်ခဲ့ ပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာဟာ ကမ်းလွန် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့သိုက်တွေ ရှိနိုင်တယ် လို့ ခန့်မှန်း နေကြပြီး ဒီအငြင်းပွားမှုဟာ နှစ်နဲ့ချီ ရှိသွားပြီ ဖြစ်ပြီး မကြာသေးခင် နှစ်တွေမှာ အငြင်းပွားမှု ပိုကြီးလာတဲ့ အတွက် နိုင်ငံတကာ ခုံရုံးကနေ အဆုံးအဖြတ် ယူဖို့ ဖြစ်လာ ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ပင်လယ်ရေပိုင်နက် အငြင်းအခုံနဲ့ ပတ်သက်ပြီး ခုလို နိုင်ငံတကာ ခုံရုံးကို တိုင်တာဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်သလို ဘင်္ဂလားဒေရှ့် အတွက်ကလည်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

နယ်စပ် ရေပိုင်နက် သတ်မှတ်ဖို့ ကိစ္စကို ခုံရုံးက အဆုံးအဖြတ် ပေးဖို့ ဒီဇင်ဘာ ၂၀၀၉ ခုနှစ်က နှစ်နိုင်ငံ က လျှောက်ထားခဲ့ပြီး မနှစ် ၂၀၁၀ ခုနှစ် တနှစ်လုံး နဲ့ ဒီနှစ် ဇူလိုင် လ ထိ နှစ်နိုင်ငံ လုံး က အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ သူတို့နဲ့ ဆိုင်ပါတယ် ဆိုတာကို စာနဲ့ အပြန်အလှန် ရေးသား တင်ပြခဲ့ပါတယ်။

ခုံရုံးရှေ့မှာ နှုတ်နဲ့ ထွက်ဆိုမှုကတော့ ကြာသပတေးနေ့ က စပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်က စက်တင်ဘာ ၈ ရက် နဲ့ ၉ ရက်နေ့ တွေနဲ့ နောက် သီတင်းပတ် တနင်္လာ၊ အင်္ဂါနေ့ထိ လေးရက် ထွက်ဆိုမှာ ဖြစ်ပြီး မြန်မာ ဘက်ကတော့ ရှေ့ တပတ် ကြာသ ပတေးနေ့ ကနေ စပြီး လေးရက် ထွက်ဆိုမှာ ဖြစ်ပါတယ်။

နှစ်ဘက် တင်ပြချက်တွေကို တရားသူကြီးတွေက နားထောင်ပြီးရင် ရှေ့နှစ်ဆန်း လောက်မှာ ဆုံးဖြတ်ချက် ချမှာဖြစ်တယ်လို့ ခုံရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ ဂျူလီယာ ရစ်တာ က ဘီဘီစီ ကို ပြောပြ ပါတယ်။

အခု ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်ပြီး အယူခံ တင်ခွင့်မရှိဘူး၊ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရှင်လင်းချက် တောင်းခံ တာတော့ လုပ်နိုင်ပါတယ် လို့ လည်း မစ္စ ဂျူလီယာ ရစ်တာ က ဘီဘီစီ ကို ပြော ပါတယ်။

ဘင်္ဂလားဒေရှ့်ဘက် ကတော့ ပင်လယ် ထွက်ပေါက်ဟာ သူတို့ တနိုင်ငံလုံး အတွက် ဘယ်လို အရေးကြီးတယ်၊ နိုင်ငံက ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးအတွက် ပင်လယ် ထွက်ပေါက်ဟာ ဘယ်လို အရေးပါတယ်ဆိုတာကို အဓိက ဇောင်းပေး ထွက်ဆိုသွားတယ် လို့ လည်း သိရ ပါတယ်။

ဒီရေပိုင်နက် အငြင်းပွားမှုဟာ ၂၀၀၈ ခုနှစ်ကုန်လောက်က ဒီနေရာမှာ မြန်မာနဲ့ ဖက်စပ် ဒေဝူး ကုမ္ပဏီက ကမ်းလွန်ရေနံ တူးစင် ဆောက်ဖို့ ကြိုးစားရာကနေ စဖြစ်ခဲ့ ပါတယ်။

အဲဒီကနေ နှစ်ဘက် ညှိနှိုင်းလို့ မရတဲ့ အဆုံး ခု နိုင်ငံတကာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ခံဖို့ နှစ်နိုင်ငံ လုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။