မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် အဖွဲ့စုံတွေ့မည်

  • 8 စက်တင်ဘာ 2011
အမေရိကန် သမ္မတရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဓာတ်ပုံ မူပိုင် state dept
Image caption အမေရိကန် သမ္မတရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်

အမေရိကန်သမ္မတရဲ့ အထူးကိုယ်စားလှယ် Derek Mitchell ဟာ စက်တင်ဘာ ၉ရက်ကနေ ၁၄ ရက်နေ့ခရီးစဉ် အတွင်း ၉ရက်နေ့ကျရင် နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အထက်နဲ့ အောက်လွှတ်တော် ဥက္ကဌတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့မယ့် အစီအစဉ်တော့ အတိအကျမသိသေးဘူးလို့ ပြည်တွင်း သတင်းထောက်တွေက ပြောပါတယ်။

လာမဲ့၁၂ရက်နေ့မှာNLD ပါတီနဲ့ တွေ့ဆုံမှာဖြစ်ပြီး ၁၃ရက်နေ့ နိုင်ငံရေး ပါတီတွေနဲ့တွေ့တဲ့အခါ ပါတီရဲ့အခြေအနေ တိုင်းပြည်မှာ မြင်တွေ့နေရတဲ့အခြေအနေနဲ့ သူတို့မေးလေ့ရှိတဲ့ အစိုးရသစ်က ဘယ်လောက် လုပ်နိုင်ကိုင်နိုင်သလဲဆိုတာတွေ သူလာရတဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြီး ဆွေးနွေးမယ်လို့ ဒီမိုကရက်တစ် ပါတီဥက္ကဌ ဦးသုဝေက ဘီဘီစီကို ပြောပါတယ်။

ချင်းအမျိုးသား ပါတီဥက္ကဌ ဦးဇိုဇမ်းကတော့ စီးပွားရေး ပိတ်ဆို့မှုကြောင့် တပြည်လုံး ခံစားနေရပြီး တရုတ်က သိမ်းပိုက်ထားသလိုဖြစ်နေတဲ့အတွက် အမေရိကန်တို့က ချိန်ခွင်လျှာ ဝင်ထိန်းညှိပေး သင့်ကြောင်း ပြောကြားမယ် လို့ဘီဘီစီကို ပြောပါတယ်။

အပြန်ခရီးစဉ်မှာ Derek Mitchell ဟာထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်ပါတယ်။