ကဒါဖီ ဝင်လာမှဘဲ ခိုလှုံခွင့် ပေးမလား ဆုံးဖြတ်မယ်

  • 8 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption လစ်ဗျားမှာ ကင်းလှည့်နေတဲ့ မော်တော်ယာဉ်

ဗိုလ်မှူးကြီး ကဒါဖီ သူတို့နိုင်ငံထဲ ဝင်လာပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့ အခါမှသာ ဘယ်လို လုပ်မလဲ ဆိုတာ ဆုံးဖြတ်မယ်လို့ နီဂျဲ နိုင်ငံက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေ အတွင်း လစ်ဗျားက အဆင့်မြင့် ပြည်ပြေး အရာရှိကြီးတွေ နီဂျဲနိုင်ငံကို ရောက်လာခဲ့တယ်လို့ သတင်းရရှိပြီး ဗိုလ်မှူးကြီး ကဒါဖီလည်း လာလိမ့်မယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေ ထွက်ပေါ်နေပါတယ်။

လစ်ဗျားက အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ ကတော့ နီဂျဲ နိုင်ငံ အနေနဲ့ ဗိုလ်မှူးကြီး ကဒါဖီကို လက်မခံဖို့ တောင်းဆို ထားပါတယ်။

အရင်တုန်းက အသွင်ကူးပြောင်းရေး ကောင်စီကို အသိအမှတ် ပြုခဲ့တဲ့ နီဂျဲ နိုင်ငံ အတွက်တော့ ဒီတောင်းဆိုချက်ကြောင့် ဘယ်ဘက်လိုက်ရမလဲ ဆိုတာ အခက်ကြုံနေရ ပေမယ့် သူတို့နဲ့ ကာလရှည်ကြာ ဆက်ဆံ ခဲ့တဲ့ နိုင်ငံခေါင်းဆောင် တယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး ကဒါဖီကိုလည်း လုံးဝ စွန့်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ လစ်ဗျားက ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အာဖရိက သမဂ္ဂ ဥက္ကဌ Jean Ping

လစ်ဗျားက အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ NTC ကို အသိအမှတ် ပြုဖို့ အသင့်ပါဘဲလို့ အာဖရိက သမဂ္ဂ AU ဥက္ကဌ Jean Ping က ပြောပါတယ်။

ဒါပေမယ့် မစ္စတာ ပင်းဂ်က ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ လစ်ဗျား ပြည်သူတွေ တရပ်လုံးကို NTC က ကိုယ်စားပြုကြောင်း ပြသဖို့ လိုတယ်လို့ ထပ်လောင်း ဆိုသွားခဲ့ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီကို လစ်ဗျားရဲ့ တရားဝင် ခေါင်းဆောင် အဖြစ် အာဖရိက သမဂ္ဂ က အသိအမှတ် ပြုတော့မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အာဖရိက သမဂ္ဂ အတွင်း ဆိုးဆိုးရွားရွား သဘောကွဲမှုတွေ ရှိခဲ့ပြီး အခုလို အသိအမှတ် ပြုဖို့ နှေးကွေးခဲ့တဲ့ အပေါ် အာဖရိက သမဂ္ဂ အပေါ် အပြင်းအထန် ဝေဖန် ခံခဲ့ရပါတယ်။