ဘာတန် ကာလီ ရွာ လူသတ်မှု

  • 9 စက်တင်ဘာ 2011
batang bali
Image caption နှစ်ပေါင်း ၆၀ ကျော် က အမှု ကို ပြန်စစ်ဆေး မယ်

ဗြိတိသျှ စစ်သား တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၃ နှစ် ဖြစ်တဲ့ ၁၉၄၈ ခုနှစ် အတွင်းမှာ မလေးရှား နိုင်ငံ က ဘာတန် ကာလီ ရွာ မှာ လူသတ်မှု ကျူးလွန် ခဲ့သလား ဆိုတဲ့ စွဲချက် ကို လန်ဒန် မှာရှိတဲ့ တရားရုံးချုပ် က နေ ပြီး တော့ ပြန်လည် သုံးသပ် မယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။

ဘာတန် ကာ လီ ရွာ အဖြစ် အပျက်နဲ့ ပတ်သက် ပြီး လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှား တက်ကြွသူ တွေက စုံစမ်းစစ်ဆေး ပေးဖို့ နဲ့ ကျန်ရစ်သူ မိသားစု ကို နစ်နာ ကြေး တွေ ပေးဖို့ ဆယ်စုနှစ် နဲ့ ချီပြီး စည်းရုံးလှုပ်ရှား ကြပေမယ့် ဗြိတိသျှ အစိုးရ က အရင် က ပယ်ချ ခဲ့ ပါတယ်။

အခုတော့ ဗြိတိန် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် ကြောင့် ကာယကံရှင် မိသားစု တွေ နဲ့ သူတို့ ဘက်က ရှေ့နေ တွေ အတွက် မျှော်လင့် ချက်အသစ် ပြန်ပေါ်လာ စေခဲ့ ပါ တယ်။

၁၉၄၈ ခုနှစ် အတွင်း အဲဒီကာလ တုန်း က ဗြိတိသျှ အုပ်ချုပ်မှု အောက်မှာ ရှိပြီး အခုတော့ မလေးရှား နိုင်ငံ မှာ ပါဝင်တဲ့ မာလာယာ အရပ် က ဘာတန် ကာလီ ရွာမှာ လက်နက် ကိုင်ဆောင်ထားခြင်း မရှိတဲ့ တရုတ် အနွယ် မလေးလူမျိုး ၂၄ ဦး ဟာ ဗြိတိသျှ တပ်ဖွဲ့ရဲ့ ပစ်သတ် တာကို ခံခဲ့ ရပါတယ်။

အဲဒီကာလတုန်း က ကွန်မြူနစ် သူပုန် တွေ ရဲ့ လှုပ်ရှားမှု အဲဒီ အရပ် ဒေသ ဘက်မှာ စပေါ် နေပြီး ဗြိတိသျှ စစ်တပ် က နှိမ်နှင်းမှု တွေ လုပ်နေတဲ့ အချိန် ပါ။

ဒီလူတွေဟာ သူပုန်တွေ ဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင် လာစဉ် မှာ ထွက်ပြေးဖို့ ကြိုးစား တာ ကြောင့် ပစ်သတ်လိုက်တယ် လို့ အဲဒီ အချိန် က ဗြိတိန် အစိုးရ ပိုင်း က ပြောခဲ့ ပါတယ်။

ဒါပေမယ့် သက်သေတွေ က ဗြိတိသျှ စစ်တပ် ဟာ အဲဒီ လူတွေကို သူတို့ရဲ့ အိမ်တွေ ထဲ က နေ ခေါ်ထုတ်လာခဲ့ပြီး နောက် လူတွေရဲ့ နောက်ကျော် ဖက် က နေ ပစ်သတ် ခဲ့ကြတာ လို့ ဆိုပါတယ်။

အခုတော့ ဗြိတိန် တရားရုံးချုပ် က ဒီအမှု ဟာ အငြင်းပွားစရာ တွေ ဖြစ်နေပြီး အရေးလည်း ကြီးတာမို့ သုံးသပ် စိစစ် မယ် လို့ ဆုံးဖြတ် လိုက်ပါပြီ။

အမှု ကို ဘယ်တော့ တရားရုံးက ကြားနာမလဲ ဆိုတဲ့ ရက်ကို မသတ်မှတ်သေး၊ မကြေငြာ သေးပေမဲ့ သေဆုံးခဲ့သူတွေရဲ့ မိသားစု ဝင်တွေ ကတော့ အောင်ပွဲ တချို့ တော့ ရခဲ့ပြီ လို့ ဆို နေ ပါတယ်။