Baha Mousaအမှု ဗြိတိသျှစစ်တပ် ပြစ်တင် ခံရ

  • 8 စက်တင်ဘာ 2011
Image caption ဗြိတိသျှစစ်သားတွေက ထိန်းသိမ်း ထားသူတွေကို ညှင်းပန်းခဲ့

၂၀၀၃ ခုနှစ်တုန်းက အီရတ်နိုင်ငံ ဘာဆရာ မြို့မှာ ဗြိတိသျှ တပ်တွေရဲ့ ထိန်းသိမ်းခံ ထားရစဉ် အီရတ်လူမျိုး Baha Mousa ဆိုသူ သေဆုံးသွားခဲ့ရတာအပေါ် စုံစမ်း စစ်ဆေးနေတဲ့ ဗြိတိသျှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ဥက္ကဌ Sir William Gage က ထိန်းသိမ်းထားသူတွေအပေါ် နှိပ်စက် ညှင်းပန်းမှုတွေ လုပ်ခဲ့တဲ့ စစ်သားတွေ အရာရှိတွေကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။

Baha Mousa ကိုရော သူနဲ့အတူ ဖမ်းဆီးခဲ့တဲ့ လူ၉ဦး ကိုပါ ခေါင်းအလုံ စွပ်ထားခဲ့ပြီး ပူပြင်း ညစ်ပေနေတဲ့ နေရာမှာ နေရခက်တဲ့ အနေအထားမှာ အကြာကြီး ထိုင်ခိုင်းထားခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပြောပါတယ်။

ထိန်းသိမ်းထားသူတွေကို ရိုက်နှက် ညှင်းဆဲစဉ် ထွက်ပေါ်လာတဲ့ အော်ဟစ်ငိုကြွေးသံတွေ အလိုက် သံစုံ ဂီတ အဖွဲ့ဆိုပြီး တပ်ကြပ်တဦးက ထိန်းသိမ်းထားသူတွေကို အဖွဲ့ခွဲခဲ့တယ်လို့ ဆိုပါတယ်။

Baha Mousa ကို စစ်သားတွေ အများကြီးက ဝိုင်းနှိပ်စက်ခဲ့သလို အထက်အရာရှိတွေ ကိုယ်တိုင်လည်း ဘာဖြစ်နေတယ်ဆိုတာ သိကို သိရမယ်လို့ စုံစမ်းရေး ကော်မရှင် ဥက္ကဌက ကောက်ချက် ချထားပါတယ်။

သေမှုသေခင်း မှတ်ချက်မှာ အသက်ရှုလမ်းကြောင်း ရပ်ပြီး သေဆုံးတယ်လို့သာ ဖော်ပြထား ပေမယ့် သူ့ကိုယ်မှာ ဒဏ်ရာ ကိုးဆယ့်သုံးခုတောင် တွေ့ရပါတယ်။

Baha Mousa သေဆုံးပြီး ရှစ်နှစ်အကြာမှာတော့ သူသေဆုံးခဲ့မှု အတွက် တရားခံတွေကို ဥပေဒနဲ့ အညီ အရေးယူနိုင်တော့မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က မှတ်ချက် ပေးထားပါတယ်။