ပရဟိတအဖွဲ့ကဝန်ထမ်းတဦး ဝတပ်ဖွဲ့အတွက် ကလေးစစ်သားစုပေးခဲ့

  • 8 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP

မြန်မာနိုင်ငံတွင်းမှာ ကလေးသူငယ်များအရေးကို ကူညီ စောင့်ရှောက်ပေးနေ တဲ့ Save the Children UK အဖွဲ့ ရဲ့ ဒေသခံဝန်ထမ်း တဦးက အသက် ၁၈ နှစ်အောက် ကလေးငယ်နှစ်ယောက်အပါအဝင် ရှမ်းပြည်နယ်၊ နမ်းခမ်းရွာက လူငယ် ငါးဦးကို Save the Childern ရဲ့ ဒေသခံ ဝန်ထမ်းတဦးက ငွေကြေး အကျိုးအမြတ်ထက် နိုင်ငံရေးအကြောင်းပြချက်နဲ့ အတင်းအကြပ်ကို ဝတပ်ဖွဲ့ထဲကို ထည့်သွင်းပေးခဲ့တယ်လို့ ၂၀၁၀ ဇန်နဝါရီလအတွင်း ပေးပို့တဲ့ ရန်ကုန်အမေရိကန်သံရုံး ကြေးနန်းမှာ ဖော်ပြထားတယ်လို့ ဝီကီလိခ်က ဖော်ထုတ်ခဲ့ပါတယ်။

အဲဒီဝန်ထမ်းရဲ့ လုပ်ရပ်ကို ပတ်သက်လို့ ဝတပ်ဖွဲ့ထဲက ထွက်ပြေးလွတ်မြောက်လာသူ လူငယ်တယောက်ရဲ့ အပြောသိရတာလို့ ဆိုပါတယ်။

အဲဒီလူငယ်ရဲ့ အပြောအရ နမ့်ခမ်းက လူငယ် အနည်းဆုံး ၁၀ လောက်နဲ့ နမ့်စမ်က အနည်းဆုံး လူငယ် ၆ ယောက်လောက်ဟာ ဝတပ်ထဲ သူနဲ့အတူ အမှုထမ်းနေရတယ်လို့ ပြောကြောင်းအမေရိကန် သံရုံးရဲ့ ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

ကလေးနဲ့လူငယ်တွေကို ဝတပ်ဖွဲ့ထဲ အတင်းထည့်ပေးတဲ့သူလို့ စွပ်စွဲခံရသူဟာ Save the Children မှာ အလုပ်မလုပ်ခင် ဒေသခံ လူမှုရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ပလောင်ယဉ်ကျေးမှုနဲ့စာပေအဖွဲ့မှာ ခြောက်နှစ်လောက် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့မှာ လုပ်နေ တုန်းမှာ Save the Children အဖွဲ့က ပို့ချတဲ့ အရည်အသွေးမြှင့်တင်ရေးသင်တန်းတခု မှာ တက်ရောက်ခွင့် ရပြီးနောက် မှာမှ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ စပြီး Save the Children မှာ အလုပ်ဝင်ခဲ့သူဖြစ်ပါတယ်။

ဒီ ဝီကီလိခ်မှာပါခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဘီဘီစီက Save the Children UK ကို ဆက်သွယ်မေးကြည့်တဲ့ အခါမှာတော့ ဝတပ်ဖွဲ့ထဲကို လူငယ်တွေကို အတင်းအကြပ်ထည့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်ထွက်လာက တည်းက သူတို့ အဲဒီဒေသခံ ဝန်ထမ်းကို အလုပ်က ရပ်နားပြီးတော့ အဖွဲ့အစည်းတွင်း စစ်ဆေးခဲ့တယ်၊ နောက်တော့ အလုပ်က ဖြုတ်ပစ်လိုက်ပြီး ရဲတပ်ဖွဲ့နဲ့အာဏာပိုင်လက်ထဲအပ်လိုက်တယ်လို့ Save the Children UK က ဘီဘီစီကို ပြောပါတယ်။

တခါ Save the Children ကတော့ သူတို့လူ စွပ်စွဲခံရတဲ့ ဒီသတင်းကြားကြားချင်းကို အဖွဲ့တဖွဲ့လွှတ်ပြီး၊ အစိုးရဲ့ လူကုန်ကူးမှု တားဆီးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အကြောင်း၊ တခြားနားလည်မှုစာချွန် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဝီကီလိခ်ရဲ့ ထုတ်ပြန်ချက် ကနေ သိရပါတယ်