စက်တင်ဘာ ၁၁ ရက် နောက်ဆုံးချိန် ကြားရချက်

  • 9 စက်တင်ဘာ 2011
_pentagon ဓာတ်ပုံ မူပိုင် Getty
Image caption ပင်တဂွန် တိုက်ခိုက်ခံရ အပြီး

အမေရိကန် ပြည်ထောင်စု အတိုက်ခိုက် ခံခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက် ၁ဝနှစ် ပြည့် ဖို့ ၂ ရက် အလိုမှာ အဆိုပါ နေ့ မနက်ပိုင်း က ရေဒီယို၊ တယ်လီဖုန်း စတာတွေနဲ့ အဆက်အသွယ် လုပ်ကြတာကို အများပြည်သူ သိရအောင် ထုတ်ဖေါ် လိုက်ပါပြီ။ နယူးယောက် က ကမ္ဘာ့ ကုန်သွယ်ရေး အမွှာမျှော်စင်နဲ့ ဝါရှင်တန် က ပင်တဂွန် စစ်ဌာနချုပ် ကို ပစ်မှတ်ထား တိုက်ခိုက်စဉ် မှာ သက်ဆိုင်ရာ အာဏာပိုင်တွေ ရဲ့ အပြန်အလှန် ပြောဆို တုံ့ပြန်ကြတဲ့ အသံသွင်း တိတ်ခွေ တွေ ဟာ အရင်က ဘယ်သူမှ မကြားဖူးပါဘူး။

လေကြောင်း ထိန်းသိမ်းရေး စခန်းက ဆိုရင် ဒီမှာပြဿနာ ပေါ်နေပြီ ပြန်ပေးဆွဲခံရတဲ့ လေယာဉ်ဟာ နယူးယောက် ကို ဦးတည်ပျံသန်း လာလို့ F16 တိုက်လေယာဉ် နဲ့ ချက်ချင်းလိုက်ဖို့ လိုနေပြီ တခုခု တော့ ကယ်ကြမှ ဖြစ်မယ် ဒါနဲ့ ဒါဟာ စစ်ရေး လေ့ကျင့် နေတာလား တကယ် ဖြစ်နေတာလား စသဖြင့် ပြောနေချိန်မှာ ပဲ လေယာဉ်ဟာ မယုံနိုင်စရာ အမွှာမျှော်စင် ကို ဝင်တိုက်ပါတော့တယ်။

လေယာဉ်ပြန်ပေး သမားတွေ၊ လေယာဉ် တွေကို အပိုင်စီးလိုက်တာနဲ့ လေကြောင်းလိုင်း တာဝန်ခံတွေ၊ လေယာဉ်ဝန်ထမ်းတွေ ၊ လေဆိပ် ထိန်းသိမ်းရေး ဝန်ထမ်း တွေ အကြား အချင်းချင်း ဆက်သွယ် ပြောကြ ပုံတွေ ဟာ ဆိုရင် ဘယ်လိုမှ အဓိပ္ပါယ် ဖေါ်မရအောင် ရှုတ်ထွေးနေကြတယ် လို့ ဘီဘီစီ ဝါရှင်တန် သတင်းထောက်က ပြောပါတယ်။

ဒီ မှတ်တမ်း တိတ်ခွေတွေ ကို ရပ်ဂျားတက္ကသိုလ်က အင်တာနက် အွန်လိုင်းပေါ် တင်လိုက်ရာမှာ၊ ဖြစ်ရပ်အပေါ် နားလည်နိုင်စွမ်း ကို ဖြည့်စွက်မထားပဲ တဒင်္ဂ ရှုတ်တွေးမှု ကို မီးမောင်း ထိုးပြ လိုက်တာပါ။