နယူးယောက်မြို့ကို အကြမ်းဖက် တိုက်ခိုက်နိုင်

  • 9 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Getty
Image caption နယူးယောက်မြို့ နေရာအတော်များများမှာ လုံခြုံရေးကို အထူးချထားပါတယ်

စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှု ၁၀ နှစ် ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ အမေရိကန် အရာရှိတွေက အမေရိကန်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတချို့ ရှိလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ဒီ ခြိမ်းခြောက်မှုတွေ ဟာ ယုံကြည်ရလောက်ပြီး တိကျတဲ့ အခြေအနေမှာလဲ ရှိတယ်လို့ ဆိုပါတယ်။

ဘယ်လို ခြိမ်းခြောက်မှု ဆိုတာတော့ အမေရိကန် အရာရှိတွေက တိတိကျကျ ထုတ်မပြောပါဘူး။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေရတယ်၊ ဘာကို ဦးတည်တယ် ဆိုတဲ့ သတင်းတွေလဲ ရှိနေတယ်လို့ နယူးယောက်မြို့တော် ဝန်မိုက်ကယ် ဘလွမ်းဘတ်က ပြောကြားပါတယ်။

မြို့တော်ဝန်က အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ထူးထူးခြားခြား စိုးရိမ်ကြောက်လန့်စရာ မလိုပါဘူး၊ လုပ်ရိုးလုပ်စဉ် သွားမြဲသွားစဉ်အတိုင်းပဲ နေသွားကြပါလို့ ပြောပါတယ်။ ဒါပေမဲ့ သတိဝီရိယလေး နဲနဲပိုထားပြီး ထူးခြားတဲ့ အခြေအနေတွေ တွေ့ရင်တော့ လုံခြုံရေးအဖွဲ့တွေ ကို ချက်ခြင်း သတင်းပို့ကြဖို့ မှာကြားထားပါတယ်။

၉/၁၁ ဟာ အမေရိကန်နိုင်ငံကို အထိအနာဆုံး ဖြစ်အောင် တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်မို့ အယ်လ်ကိုင်းဒါးတွေရဲ့ အကြီးဆုံး အောင်မြင်မှု ပြယုဂ်ကြီးပါ။ မေလတုန်းက အမေရိကန် တပ်တွေ ဝင်တိုက်ပြီး သတ်လိုက်တဲ့ အိုဆာမာ ဘင်လာဒင်ရဲ့ အိမ်ထဲက သိမ်းမိတဲ့ အချက် အလက်တွေ အရလည်း သူဟာ ၉/၁၁ နှစ်ပတ်လည် နေ့မှာ အမေရိကန်မှာ ကြီးကြီး ကျယ်ကျယ် တိုက်ခိုက်မှုတခု ထပ်လုပ်ဖို့ စီစဉ်နေခဲ့တယ် ဆိုတာ သိခဲ့ရပါတယ်။

အမေရိကန် ရုပ်သံ သတင်းဌာန အေဘီစီကလည်း ပြီးခဲ့တဲ့လကပဲ အမေရိကန် နိုင်ငံသား တယောက်အပါအဝင် လူ သုံးယောက် နိုင်ငံထဲ ဝင်လာပြီး ကားတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြောသွားပါတယ်။ အခုတော့ အဲဒီ သုံးယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက အပူတပြင်း လိုက်ရှာနေကြပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့နှစ် မေလတုန်းကလဲ ပါကစ္စတန်မှာ အကြမ်းဖက် ဖောက်ခွဲရေး သင်တန်း တက်လာခဲ့တယ် ဆိုတဲ့ အမေရိကန် နိုင်ငံသား ဖိုင်ဇယ် ရှာဇတ်ဟာ နယူးယောက်မြို့လယ်က တိုင်းမ်စကွဲယား ရင်ပြင်ကို ကားဗုံးခွဲ တိုက်ခိုက်ဖို့ လုပ်ခဲ့တာကို ဖမ်းမိလိုက်ပါသေးတယ်။

အာဏာပိုင်တွေက အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဟာ ဘာဆိုတာ ထုတ်မပြောပေမဲ့ အဝေးပြေး လမ်းမကြီးတွေ၊ မြေအောက်ရထားတွေနဲ့ လေဆိပ်တွေမှာ လုံခြုံရေးကို တိုးပြီး ချထားပါတယ်။

၉/၁၁ (၁၀) နှစ်ပြည့် တနင်္ဂနွေနေ့မှာတော့ ဖျက်ဆီးခံလိုက်ရတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက် အဦနေရာမှာ အထိမ်းအမှတ် အခမ်းအနားလုပ်တဲ့ အခါ သမ္မတ အိုဘားမားရော သမ္မတဟောင်း ဂျော့ချ်ဘုရှ်တို့ပါ လာတက်ကြမယ်လို့ သိရပါတယ်။

အဲဒီအတွက်လဲ နယူးယောက်မြို့မှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေ အများကြီး တိုးပြီး ချထား တယ်လို့ သိရပါတယ်။