အီဂျစ်မှာ ပြဿနာတွေကြုံနေရ ပြီ

israeli_embassy ဓာတ်ပုံ မူပိုင် bbc
Image caption တိုက်ခိုက်ခံခဲ့ရတဲ့ အစ္စရေးသံရုံး

အီဂျစ်နိုင်ငံ မှာ သောကြာနေ့က ဆန္ဒပြသူ တွေက အစ္စရေး သံရုံးကို တိုက်ခိုက် ခဲ့တဲ့ အတွက် နိုင်ငံ တကာ ရဲ့ အလယ်မှာ အီဂျစ် သိက္ခာ ကျခဲ့ ရတဲ့ အတွက် အီဂျစ် နိုင်ငံ အတွင်းမှာ ပြဿနာ တွေ ကြုံနေရပြီလို့ အီဂျစ် ပြန်ကြားရေး ဝန်ကြီး အိုဆာမာ ဟိုက်ကယ်လ်က ပြောပါတယ်။

မစ္စတာ ဟိုက်ကယ်လ် က အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြသူတွေကို အထူး တရားရုံး တွေမှာ ရုံးတင်စစ်ဆေး သွားမှာ ဖြစ်တယ်လို့ လဲ ဆိုပါတယ်။ ဆက်လက်ပြီး ပြောဆိုရာမှာ တော့ အီဂျစ် အနေနဲ့ နိုင်ငံ တကာက သံတမန် တွေ ရဲ့ လုံခြုံရေး နဲ့ ပတ်သက်ပြီး အာမခံ ချက်ပေး နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ သဘောတူ ညီချက်တွေ နဲ့ အညီ စောင့်ထိန်း ကျင့်သုံး သွား မယ်လို့ လဲပြောပါတယ်။

ဒါကတော့ ဒီ တိုက်ခိုက်မှု တွေနဲ့ ပတ်သက်လို့ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်ကောင်စီ နဲ့ ဝန်ကြီးချုပ် အစ်ဆမ် ရှာရဖ် ရဲ့ ကက်ဘိနက် ထဲက အရေးပါတဲ့ ဝန်ကြီး တွေ တွေ့ဆုံ ဆွေးနွေး အပြီး မှာ အခုလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နေတန်ယာဟု ကတော့ အစ္စရေး ဘက်က အီဂျစ်နဲ့ ချုပ်ဆို ထားခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီ မှုတွေ ကို ဆက်လက် ထိန်းသိမ်းသွား မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အစ္စရေးဟာ ကိုင်ရိုနဲ့ လက်တွဲပြီး အစ္စရေး သံအမတ်ကြီး နဲ့ သံရုံးအမှုထမ်းတွေ ပြန်လည်ပြီး တာဝန် ထမ်းဆောင် နိုင်ဖို့ အတွက် လုံခြုံရေး ကို တိုးမြှင့် နိုင်ဖို့ စီစဉ် ဆောင်ရွက် နေတယ် လို့လဲ ပြောပါတယ်။

အစ္စရေး သံရုံးကို တိုက်ခိုက် ခဲ့မှုကို အဲဒီ တိုက်ခိုက် မှုမှာ မပါဝင်ဘဲ နေခဲ့တဲ့ အီဂျစ် ရဲ့ မွတ်စလင် ညီအစ်ကို များအဖွဲ့ က ရှုံ့ချ လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ ဒီအဖြစ် အပျက် နဲ့ ပတ်သက်လို့ အမေရိကန် အနေနဲ့ စိုးရိမ် ပူပန် မိကြောင်း ပြောပါတယ်။