ကဒါဖီ ဆန့်ကျင်ရေး တပ်တွေ ဘာနီ ဝါလစ်ရောက်

  • 10 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကဒါဖီ ဆန့်ကျင်သူတွေနဲ့ သစ္စာ စောင့်သိသူတွေ ဆက်တိုက် နေဆဲ ဖြစ်ပါတယ်။

လစ်ဗျားမှာ ကဒါဖီကို ဆန့်ကျင်တဲ့ တပ်တွေ ဟာ ကဒါဖီကို ခုထိ သစ္စာ စောင့်နေသေး တဲ့ မြို့လေးမြို့ ထဲက မြို့တမြို့ ဖြစ်တဲ့ ဘာနီ ဝါလစ်ကို ရောက်ရှိ လာပြီး မြို့ပြင် မှာ တိုက်ပွဲ သေးလေးတွေ ဖြစ်ပွား ခဲ့ပါတယ်။

ကဒါဖီ ဆန့်ကျင်တဲ့ တပ်တွေဟာ မြို့လယ် ခေါင်နဲ့ နှစ်ကီလို အကွာမှာ ရောက်နေပြီး မနေ့က တနေ့လုံး လမ်းက ရွာတွေ၊ မြို့တွေကို အလျင် အမြန် သိမ်းပိုက် နိုင်ခဲ့ပါတယ်။

ဘာနီ ဝါလစ်မြို့ကို မတိုက်ဖူးလို့ ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက ပြောပါတယ်။

ဒါပေမယ့် တဘက်က စတိုက်တော့ ရှေ့ကို ဆက်ချီတက် ရတာလို့ ဆိုပါတယ်။

အဲဒိမှာ ကဒါဖီကို သစ္စာ စောင့်သိသူ ခုနှစ်ရာလောက်ထိ ရှိနေပြီး သူတို့ကို ဒီကနေ့ စနေနေ့ နောက်ဆုံးထား လက်နက်ချဖို့ ရက်သတ်မှတ် ပေးထားပါတယ်။

ကဒါဖီရဲ့ ဇာတိဖြစ်တဲ့ ဆာရက်မြို့ တဝိုက်မှာလည်း တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။

ထရီပိုလီ ချီတက်ပွဲ

Image caption ကဒါဖီ မရှိတော့တဲ့နောက် ထရီပိုလီမှာ အောင်ပွဲခံနေ

လစ်ဗျား နိုင်ငံ ထရီပိုလီ မြို့တော်မှာ ဒီနှစ် ဖေဖော်ဝါရီ နှစ်ဆယ့် ငါးရက်နေ့က ကဒါဖီကို အုံကြွ ဆန့်ကျင်မှုမှာ အသတ် ခံခဲ့ရသူတွေ အထိမ်း အမှတ် ချီတက်ပွဲကို ထရီပိုလီမြို့ အရှေ့ဘက်မှာ ကျင်းပခဲ့ပါတယ်။

ဒီချီတက်ပွဲမှာ ပါဖို့ တချို့ နယ်တွေ ကနေ ကားတွေနဲ့ ရောက်လာ ကြရာမှာ ကားရာနဲ့ချီ ရောက်လာပြီး သေဆုံးသူတွေ အထိမ်း အမှတ်ပွဲက အောင်မြင်တဲ့ အထိမ်း အမှတ် ချီတက်ပွဲ ဖြစ်သွား တယ်လို့ ဒီလူတွေနဲ့ အတူရှိနေတဲ့ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ပါတယ်။

ထရီပိုလီ မြို့တော်မှာ ဆိုရင် မြို့နေ လူကိုးဆယ် ရာခိုင်နှုန်းလောက်ဟာ သောက်သုံးရေ ပြန်ရနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

ထရီပိုလီမြို့က ရပ်ကွက် အများစုကို ဖြန့်ဖြူးတဲ့ ရေပိုက်လိုင်းတွေကို အသွင်ကူးပြောင်းရေး ကောင်စီက လွန်ခဲ့တဲ့ ရက် အနည်းငယ်ကပဲ ထိန်းချုပ် ထားလိုက်ပါတယ်။