တန်ဇန်းနီးယား ကူးတို့သင်္ဘော နစ်မြုပ်

  • 10 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption အလောင်း ၁၀၀ ကျော်လောက် ရှာတွေ့ခဲ့ပြီး၊ အများ အပြားကတော့ ပျောက်ဆုံးနေဆဲ

တန်ဇန်းနီးယားနိုင်ငံမှာ ခရီးသည် ၆၀၀ လောက်အထိ တင်လာတဲ့ ကူးတို့သင်္ဘော တစီးဟာ ဇန်ဇီဘာနဲ့ ပန်ဘာ ကျွန်းနှစ်ခု အကြား ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ အတွက် လူတွေ အကြီးအကျယ် သေဆုံးခဲ့ရ ပါတယ်။

အလောင်း ၁၀၀ ကျော် လောက်ကို ရှာတွေ့ခဲ့ပြီ ဖြစ်ပြီး၊ လူအများအပြားကတော့ ပျောက်ဆုံးနေ ပါတယ်။

လူတွေ အပိုတင်ဆောင်လာတဲ့ ဒီသင်္ဘောပေါ်ဟာ ညဖက်အချိန်မှာ မှောက်သွားခဲ့တာကြောင့် ကယ်ဆယ်ရေးတွေ အတွက် နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရပါတယ်။

ရဟတ်ယာဉ်နဲ့ သွားရောက် ကယ်ဆယ်ရာမှာတော့အ သက်မသေပဲ ကျန်ရစ်သူတွေဟာ ရေထဲမှာ အိတ်ရာတွေ ရေခဲသေတ္တာတွေကို တွယ်ဖက်ထားနေကြတာကို တွေ့ခဲ့ရတယ်လို့ ရဟတ်ယာဉ် ပိုင်းလော့က ပြောပါတယ်။

ကယ်ဆယ်ရေးလှေတွေ လိုက်ရှာနေတဲ့ နေရာကနေ ၈ မိုင် ၁၀ လောက် အကွာအဝေးမှာ အသက်ရှင် ကျန်ရစ်သူတွေကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

သင်္ဘောပေါ်မှာ ကလေးအများအပြားလည်း လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောပေါ် ပါ ခရီးသည်တွေရဲ့ ဆွေးမျိုးသားချင်းတွေ ကတော့ ဒီသတင်းကို စိုးရိမ်ကြီးစွာဖြင့် စောင့်မျှော် နေကြပါတယ်။